ရှမ်းပြည်ငလျင် သတင်း နောက်ဆက်တွဲ

Posted: March 26, 2011 in Interview, Waring Alert
Tags: , ,

ဧရာဝတီ၊ မတ် ၂၅၊ ၂၀၁၁

ငလျင်က မြန်မာစံတော်ချိန် ၈ နာရီ ၂၉ မိနစ်မှာ လှုပ်သွားပါတယ်။ လှုပ်ခတ်သွားတဲ့အချိန်က ၅ မိနစ်လောက် ကြာပါတယ်။ ဗဟိုပြုလှုပ်သွားတာကရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်နဲ့ ၃၅ မိုင်အကွာ လွယ်မွေမြို့ကို
ဗဟိုပြုပြီး လှုပ်သွားတာလို့ သိရပါတယ်။ ပြင်းအားက မြန်မာနိုင်ငံမိုးလေ၀သက တိုင်းတာလိုက်တဲ့အခါ ၇ ရစ်ခ်ျတာစကေးရှိပါတယ်။

အဲဒီနေရာတွေက အတော်ခေါင်တဲ့နေရာတွေဖြစ်တဲ့အတွက် အဆောက်အအုံကြီးတွေ၊ တိုက်ကြီးတွေတော့ မရှိလို့ အသေအပျောက်တော့ ကြီးကြီးမားမားမရှိနိုင်ဘူးလို့နေပြည်တော်မိုးလေ၀သက ပြောပါတယ်။

ကျိုင်းတုံမြို့နယ် အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီက မယကလူကြီးတဦးကို ည ၁၀ နာရီမှာ ဖုန်းရပါတယ်။ ကျိုင်းတုံမှာတော့ အဆောက်အအုံတွေ မျက်နှာကြက်ကွာကျ၊ လုံးချင်းတိုက်တွေ နည်းနည်း ကွဲအက်တာတွေတော့ ရှိပါတယ်တဲ့။ လုံးဝအဆောက်အအုံပြိုသွားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ကျိုင်းတုံနားက တာလေမြို့မှာတော့ အပျက်အစီး အသေအပျောက် ရှိနေတယ်လို့ သိရပါတယ်။ အနည်းဆုံး လူ ၂၀ ကနေ ၃၀ အတွင်း သေဆုံးမှု ရှိနိုင်ကြောင်းနဲ့ တာလေမှာရှိတဲ့ သံလွင်မြစ်ကူးတံတား အက်သွားလို့ အသုံးပြုမရဖြစ်နေကြောင်း သိရပါတယ်။ မီးသတ်၊ ကြက်ခြေနီနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အခုမှ အဲဒီနေရာကို သွားရောက်နေကြတုန်းမို့ အသေးစိတ်ကို မသိရသေးပါဘူး။

အသေအပျောက်စာရင်းတော့ ခုချိန်ထိ မရသေးပါဘူးတဲ့။ အချို့ အဆောက်အအုံတွေ လုံးဝပြိုသွားတယ်ပြောတယ်။ တာချီလိတ်က အိမ်ခြေလေးတွ နည်းနည်းစိတ်တော့ တဦးစ၊ နှစ်ဦးစတော့ သေနိုင်တယ်ဗျ။ ဒါပေမယ့် မနေ့က ညကြီးဆိုတော့ ဖုန်းလိုင်းတွေ ခေါ်လို့မရဘူး။
နေပြည်တော်မှာတော့ တော်တော်ကို ငလျင်လှုပ်သွားတာပါတဲ့ အစိုးရ၀န်ထမ်းတွေကပြောတာ။ ငါးမိနစ်လောက် ကြာတယ်တဲ့။ နေပြည်တော်မှာ ငလျင်လှုပ်တဲ့ပြင်းအားက ရစ်ခ်ျတာစကေး ၆ အဆင့်ကို ကျော်တယ် လို့ နေပြည်တော်မိုးလေ၀သက ပြောပါတယ်။

ဝန်ထမ်းတွေက မင်းပြောင်းမင်းလွဲကာလ ငလျင်လှုပ်တာက နိမိတ်မကောင်းဘူးလို့ပြောတယ်။
နေပြည်တော်က ပြည်တွင်းအခွန်ဦးစီးဌာနက ဦးစီးအရာရှိ အမျိုးသမီး တယောက်က “ငလျင်လုပ်တဲ့အချိန်မှာ မူးလွန်းလို့ ထိုင်နေရတယ်။ တော်တော်သိသာသာကို လှုပ်တာတဲ့။ တိုင်ကပ်နာရီတွေ ယိမ်းထိုးနေတယ်” လို့ ပြောတယ်။

အစိုးရ၀န်ထမ်း တော်တော်များများက လန့်နေကြတယ်။ သူတို့က ဗေဒင်အယူရှိတယ်။ မင်းပြောင်းမင်းလွဲကာလ ငလျင်လှုပ်တာက နမိတ်မကောင်းဘူးချည်းပဲပြောနေကြတယ်။ ၀န်ထမ်းတွေလည်း ငလျင်လှုပ်ပြီးနောက် အချင်းချင်းဖုန်းဆက်ကြ၊ ရန်ကုန်က ဆွေမျိုးတွေကို ဖုန်းဆက်ကြနဲ့ ကမ္ဘာပျက်သလိုပဲတဲ့။

ရန်ကုန်မှာတော့ အခြေအနေက အရမ်းကြီးမဆိုးဘူး။ ဒါပေမယ့် အထပ်မြင့်တိုက်မှာနေတဲ့လူတွေက ငလျင်ဒဏ်ကို ခံလိုက်ရတယ်။ တိုက်တွေ နည်းနည်းလှုပ်တယ်။ ရန်ကုန်မိုးလေ၀သက ပြောတာက ရန်ကုန်က ငလျင်ပြင်းအား ၃ ရစ်ခ်ျတာစကေးလောက် ခံလိုက်ရတယ်တဲ့။ ခြောက်ထပ်၊ ရှစ်ထပ်နေတဲ့သူတွေ နောက်ဆက်တွဲ ငလျင်လှုပ်မှာ ကြောက်လို့ အကုန်လုံးပြေးဆင်းလာကြတယ်။
တောင်ကြီးက အစိုးရအရာရှိတဦးကလည်း ငလျင်ဒဏ်ကို သိသိသာသာ ခံလိုက်ရတယ်တယ်လို့ ပြောတယ်ဗျ။
ညတွင်းချင်းပဲ မြန်မာနိုင်ငံ ငလျင်ကော်မတီကို ဖုန်းဆက်ပြီးအကြောင်းကြားတော့ နေပြည်တော်နဲ့ မန္တလေးက ငလျင် အန္တရယ်အထူးစိုးရိမ်ရတယ်လို့ပြောတယ်။ ဒီမြို့တွေက စစ်ကိုင်းပြတ်ရွေ့ကြောကြီး အပေါ်မှာ ရောက်နေတယ်တဲ့။

စစ်ကိုင်းပြတ်ရွေ့ကလည်း ၁၉၃၀ ပဲခူးငလျင်ကြီးလှုပ်ပြီးကတည်းက ငလျင်ထပ်မလှုပ်တော့တာ အခုအချိန်အထိပဲဖြစ်လို့ ငလျင်မလှုပ်တာ နှစ် ၇၀ ကျော်ကြာနေပြီတဲ့။ နေပြည်တော်နဲ့ မန္တလေး ငလျင်အန္တရာယ်အရှိဆုံးလို့ ပြောတယ်။ ငလျင်လှုပ်မယ်ဆိုရင် အမြင့်ဆုံးပြင်းအား ၈ ရစ်ခ်ျတာစကေးအထိ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက ပြောတယ်။

ငလျင်ကော်မတီဆိုတာက အင်ဂျင်နီယာတွေ၊ ဘူမိပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NGO အဖွဲ့ပါ။ စစ်ကိုင်းပြတ်ရွေ့ အန္တရယ်အတော်ကြီးတယ်လို့ပြောတယ်။ အထူးသဖြင့် မန္တလေးက အစိုးရိမ်ရဆုံးပါပဲ။ တိုက်အမြင့်တွေများတယ်။ မြေသားပျော့တယ်။ မန္တလေးက လူနေထူထပ်လွန်းလို့ အရမ်းစိုးရိမ်ရပါတယ်တဲ့။

ငလျင်ကြောင့်တော့ လူတွေ တော်တော်တုန်လှုပ်ကုန်တယ်။ ဂျပန်မှာ ငလျင်လှုပ်တာကို တီဗီကပဲမြင်ခဲ့ရတာ၊ ကိုယ့်နိုင်ငံမှာ တကယ်တန်း လှုပ်လာတော့ အကုန်ကြောက်နေကြတယ်။

ဖြည့်စွက်ချက် – တာချီလိတ်မြို့နယ်အတွင်းမှာပဲရှိတဲ့ ဟောင်လိတ် ကျေးရွာစုမှာလည်း အထိအခိုက် အသေအပျောက်ရှိနိုင်ကြောင်း ထပ်မံသတင်းရပါတယ်။

ဖြည့်စွက်ချက် – စစ်အစိုးရသတင်းစာမှာတော့ တာချိတ်လိတ် ဝန်းကျင်ကျေးရွာတွေမှာ မနေ့ည လတ်တလော သတင်းများအရ ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူတွေ တာချီလိတ် ဆေးရုံကို ရောက်လာကြကြောင်း၊ တာလေမှာ အိမ် ၁၅ လုံးပြိုကြောင်း ဖော်ပြထားပါတယ်။ ဒါတွေကတော့ မနေ့ညက နောက်ဆုံးရ ဖောင်ပိတ်သတင်းဖြစ်တာမို့ မပြည့်စုံသေးပါဘူး။

ဖြည့်စွက်ချက် – တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာစုဘက်မှာလည်း အထိအခိုက်များတယ်လို့ ဖုန်းဆက်သွယ်မှုများအရ သိရပါတယ်။

(နောက်ဆုံးရ အချက်အလက်များကို ဒီသတင်းထဲမှာ ဖြည့်စွက်ဖော်ပြနေပါတယ်။ စောင့်ကြည့်ဖတ်ရှုပါ။)

တာလေကို သွားရောက်ကူညီခဲ့သူတဦးရဲ့ ပြန်လည်ပြောပြချက်

ကိုထွေး၊ မတ် ၂၅၊ ၂၀၁၁

(ငလျင်ဒဏ်ခံရတဲ့ အထဲမှာ အဆိုးဆုံးထဲက တနေရာဖြစ်တဲ့ တာလေကို သွားရောက်ကူညီခဲ့သူတဦးကို ဧရာဝတီသတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။ သွားရောက်ကူညီတဲ့သူက သူမြင်တွေ့ခဲ့တာတွေကို  အခုလိုပြန်လည်ပြောပြထားပါတယ်။

ဦးတေဇပိုင် ထူးကုမ္ပဏီက ငလျင်ဒဏ်ခံဒေသမှာ သွားရောက်လှူဒါန်းဖို့ စီစဉ်ပြီး ရန်ကုန်ကသတင်းထောက်တွေကိုလည်း လေယာဉ်နဲ့ အခမဲ့ခေါ်သွားဖို့ စီစဉ်ပေမယ့် စစ်အစိုးရခွင့်မပြုဘူးလို့ လတ်တလော ဝင်လာတဲ့ သတင်းတွေအရ သိရပါတယ်။ နာဂစ်နဲ့ဂီရိဆိုင်ကလုန်းတုန်းကလိုပဲ လှူချင်ရင် သူတို့ကိုပဲ လှူလို့ လုပ်မလားတော့ မသိပါ။)

မနက် ၁၀ နာရီ ကျော်ကျော်လောက် တာလေ ရောက်သွားတယ်။ ကားလမ်းဘေး တဘက် တချက်စီမှာရှိတဲ့ သုံးထပ်အိမ်တွေ ခပ်များများက ၂ ထပ်ပဲကျန်တယ်။ ၂ ထပ်အိမ်တွေလည်း တော်တော်များများ ပြိုကုန်တယ်။ ပြိုကျတဲ့ အထဲမှာ ဘုန်းကြီးကျောင်းတွေလည်း ပါတယ်၊။ တချို့ အိမ်တွေကလည်း နှစ်ပေါင်း ၂၀ လောက်ရှိတော့ ပိုဆိုးတာပေါ့။

တာလေက လူတွေတော့ မပြောနဲ့၊ တာချီလိတ်က လူတွေတောင် ညက မိုးကာခင်းပြီး အိပ်ရတာ။ တာလေ ရောက်တော့ တချို့တွေက ကိုယ့်အိမ်က ပစ္စည်းတွေကို ကိုယ့်ဘာသာကိုယ် ရှင်းနေတာတွေလည်း တွေ့ရတယ်။ နောက်ပြီး အမျိုးတွေရဲ့ အိမ်ရှေ့မှာ ငိုတဲ့သူငိုနေကြတယ်။ ဆွေမျိုးသားချင်းတွေ အသက်ဆုံးရှုံးသွားလို့ ငိုနေတဲ့သူတွေလည်း တွေ့ရတယ်။ ဘာမှတော့ မေးလို့မရဘူး၊ တချို့မသေတဲ့ သူတွေကတော့ ကံကောင်းတယ်ပြောရမှာပေါ့။

အစိုးရကတော့ ဘာမှ မလုပ်ပေးသေးဘူးရော။ တချို့လည်း ဆေးရုံကိုပို့တယ်။ ဒါပေမယ့် ဆေးရုံတော့ မရောက်လိုက်လို့ မသိဘူး။ ကျနော်တွေ့သလောက်တော့ တာချီလိတ်မှာကို အယောက် ၆၀ လောက်ရှိနေပြီ။ ဟိုမှာလည်း ၂၀၊ ၃၀ လောက်တွေ့ခဲ့ရသေးတယ်။ အဲဒီအထက်မှာပဲ ရှိမှာပါ။

ပစ္စည်းတချို့နဲ့ ခေါက်ဆွဲထုတ်တွေ၊ ရေတွေ သွားပေးတယ်။ ဌာနဆိုင်ရာကိုပဲ ပေးခဲ့တယ်။ နောက်ပိုင်း ဌာနဆိုင်ရာက ဘာလုပ်မယ်ဆိုတာတော့ ပြောလို့မရဘူး။ ဌာနဆိုင်ရာက ကယ်ဆယ်ရေး စခန်းတော့ ဖွင့်ထားတယ်။ အသိရှိတဲ့သူတွေကတော့ အသိအိမ်ကို သွားတယ်။

အခုတော့ အဝေးပြေး လမ်းလည်း ခဏပိတ်လိုက်တယ် ထင်တယ်။ လမ်းတွေဘာတွေ နည်းနည်း ပြင်မယ်လို့တော့ ပြောတယ်။

photo:AP

ရှမ်းပြည် အရှေ့ပိုင်းငလျင် အပျက်အစီး မြင်ကွင်း

တာလေ ငလျင် အပျက်အစီးများ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s