လက်ဝတ်ရတနာတွေနဲ့ ဘာမှမဆိုင်တဲ့လက်
လက္ခဏာပညာရှင်တွေနဲ့ ဘယ်လိုမှမပတ်သတ်တဲ့လက်
ခုချိန်ထိ ဘာကိုမှ မိမိရရ မဆုပ်ကိုင်မိသေးတဲ့ လက်
လက်ရေးလှလှ ရေးတတ်ပေမယ့် လက်ညှိုးညွှန်ရာ ရေမဖြစ်ခဲ့တဲ့လက်
အသားမာတတ်နေပေမယ့် လက်ခမောင်းမခတ်နိုင်သေးတဲ့လက်
သဲအိတ်ထိုးရမှာ ၀န်လေးခဲ့တဲ့လက်
မြွေတွင်းကိုမှ နှိုက်ချင်နေတဲ့လက်
အဲဒီလက်က အဲဒီ့လက်ကို လက်တို့ပြီး သတိပေးတယ်
အဲဒီလက်က အဲဒီ့လက်ကို လက်ဖျားခါလိုက်တယ်
တစ်နေ့လက်ချည်းပဲ ပြန်ရမယ်ဆိုတာ သေချာနေတဲ့လက်
အဲဒီလက်က အဲဒီ့လက်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ် ။
သြဂုတ် ၁၉၉၈ ရနံ့သစ်
လှသန်း
ကဗျာဆရာလှသန်း ( ၁၉၆၃ – ၂၀၀၁ )
အမည်ရင်း လှသန်း ၊ စစ်မှုထမ်း အီလက်ထရောနစ်ကျွမ်းကျင်သူ နှင့်
စာမတတ် အမှတ်အသားကောင်း ခံစားမှုအားကြီးသူ မိခင်တို့မှ
၁၉၆၃ ခုနှစ် ၊ ရန်ကုန်မြို့တွင် မွေးဖွား ။
မွေးချင်း ၈ ယောက်အနက် ဒုတိယမြောက်သား ။
ငယ်စဉ်က စ၍စာဖတ်ခြင်း ၊ သီချင်းနားထောင်ခြင်း ၊ ပန်းချီဆွဲခြင်း ၊ ဂစ်တာတီးခြင်း၊ရုပ်ရှင်ကြည့်ခြင်းတို့နှင့်အရသာတွေ့ခဲ့ ။
အသက်မွေးဝမ်းကျောင်း အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း ကဗျာဖတ်ခြင်း၊
ကဗျာရေးခြင်း အလုပ်ကို မိမိဘ၀၏ တစ်သက်တာ အလုပ်အဖြစ်ခံယူထား
၂၀၀၀ ပြည့်နှစ်တွင် စာသင်ပြသူတစ်ဦးနှင့် နှစ်ဦး သဘောတူ ပေါင်းသင်းနေထိုင်ခဲ့ ။
အလယ်တန်းကျောင်းသားဘ၀တွင် ကဗျာများစတင် စမ်းသတ်ရေးသားခဲ့ ။
အထက်တန်းကျောင်းသားဘ၀တွင် ရှုမ၀ ၊ မိုးဝေ ၊ ရုပ်ရှင်မျက်မှန်
မဂ္ဂဇင်းများသို့ စာတိုက်မှ တစ်ဆင့်ကဗျာများပေးပို့ခဲ့ ။
၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ
မိုးဝေမဂ္ဂဇင်းတွင် ပါရှိသော “ဆူးလေလမ်း၏ ရာဇ၀င် “
ကဗျာသည် ပထမဆုံးပုံနှိပ်ကဗျာဖြစ် ။
ထို့နောက် မိုးဝေ နှင့် ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတို့တွင် ကဗျာဆက်လက်ပေးပို့ ၍
ကဗျာတစ်ပုဒ်စ ၊ နှစ်ပုဒ်စ ဖော်ပြခဲ့ရ ။
၁၉၈၆ – ၈၈ ခုနှစ်များတွင် မဂ္ဂဇင်းများသို့ ကဗျာပေးပို့ ခြင်းခေတ္တရပ်နားခဲ့ ။
ထိုနှစ်များတွင် ကဗျာများကို ပြန်လည်ဖတ်ရှုလေ့လာခြင်း ၊
ကဗျာများ စမ်းသတ်ရေးသားခြင်း များစွာပြုလုပ်ခဲ့ ။
၁၉၈၉ ခုနှစ်တွင် ရနံ့သစ် ၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတို့တွင် ကဗျာပြန်လည်ရေးသားခဲ့ ။
မိုးဝေ ၊ ရုပ်ရှင်မျက်မှန် ၊ ရနံ့သစ် ၊ ရုပ်ရှင်တေးကဗျာ ၊ ဟန်သစ် ၊ ရွှေဝတ်မှုန် ၊
မြားနတ်မောင် ၊ သရဖူ ၊ မဟေသီ ၊ ချယ်ရီ ၊ စတိုင်သစ် ၊ ရွက်နုဝေ ၊ ဖက်ရှင် ၊
စိမ်းရောင်လွင် ၊ ရွှေပုဇွန် ၊ မုဒိတာ ၊ ဗြူတီး ၊ ဗြူတီးမက်စ် ၊ ဖက်ရှင်အင်းမေ့ခ်ျ ၊
သောင်းပြောင်းထွေလာ ၊ နုလုံးအိမ် ၊ ပန်းအလင်္ကာ စသည့် မဂ္ဂဇင်း ၊ ဂျာနယ် ၊
စာစောင်များတွင် ကဗျာရေးခဲ့ ။
- ၁၉၉၄ ခုနှစ် ၊ နိုဝင်ဘာလထုတ် ဟန်သစ်မဂ္ဂဇင်းပါ ” ဖြောင့်ချက် ” ကဗျာဖြင့်
ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ ၏ တစ်နှစ်အတွင်း ၊ အကြိုက်ဆုံးကဗျာ အဖြစ် သတ်မှတ်ခံရ ။
-၁၉၉၈ ခုနှစ် ၊ သြဂုတ်လထုတ် ရနံ့သစ်မဂ္ဂဇင်းပါ ” လက် ” ကဗျာဖြင့် ၁၉၉၈ မန္တလေးစာဖတ်သူများ၏
အကြိုက်ဆုံး ( နောင် ထန်းရိပ်ညိုကဗျာဆု ) ရခဲ့ ။
-၁၉၉၉ ခုနှစ် ၊ ဇူလိုင်လထုတ် ရနံ့သစ်မဂ္ဂဇင်းပါ ” အနေအထိုင်မတတ်မှုများ ” ကဗျာကို ပြင်ဦးလွင်မှ
လူငယ်များ နှစ်သက်သဖြင့် ငွေ ၃၀၀၀ ကျပ်ကို မဂ္ဂဇင်းမှ တစ်ဆင့် ပေးပို့ခဲ့ ။
-၂၀၀၅ ၊ ဒီဇင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းပါ ” တောင်အမေရိက ကိုသွားချင်တယ် ” ကဗျာဖြင့်
၂၀၀၆ ပျဉ်းမနားအလယ်ရိုးမခေတ်ပေါ်ကဗျာဆုရခဲ့ ။
-၂၀၀၅ ခုနှစ်၊ အောက်တိုဘာလထုတ် နုလုံးအိမ် မဂ္ဂဇင်းပါ “ အာရှတိုက်ရဲ့ တစ်နေရာ ” ကဗျာဖြင့်
၂၀၀၆ ခုနှစ် ရွှေအမြူတေစာပေဆု တွင် ကဗျာဆု ရရှိခဲ့ ။
-၂၀၀၆ ခုနှစ်၊ အောက်တိုဘာလထုတ် မဟေသီ မဂ္ဂဇင်းပါ “ငါလည်း တစ်နေ့” ကဗျာဖြင့် ရွှေဘိုမြို့မှ
ပန်းကဗျာ ခေတ်ပေါ်ကဗျာဆုရရှိခဲ့ ။
-၂၀၀၈ ခုနှစ် ၊ ဇွန်လထုတ်၊ ချယ်ရီမဂ္ဂဇင်းပါ ” ဒီပရင်္ဂ ” ကဗျာဖြင့် ရွှေဘိုမြို့မှ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆု ရရှိခဲ့ ။
-သခင်ကိုယ်တော်မှိုင်းဆု နှင့် စင်္ကာပူမှ ကဗျာချစ်သူများဆု ကို ၂၀၁၁ ခုနှစ်တွင် ထပ်မံရရှိခဲ့ ။။
လုံးချင်းကဗျာစာအုပ် ဖြစ်သော ” ကဗျာ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း ” ကဗျာစာအုပ်အမှာစာတွင်
” ကဗျာစာအုပ်အတွက် အထွေအထူးပြောစရာမရှိ ၊ ကဗျာရေးသက် ၂၅နှစ်အတွင်း မဂ္ဂဇင်းများတွင်
ပြန့်နှန့်နေသော ကဗျာများကိုစုစည်းထားခြင်းဖြစ် ၊ ရိုးရိုးသားသား ယုံယုံကြည်ကြည်ရေးသားခဲ့သော ကဗျာများဖြစ်သည်
ဟု မိမိ ဘာသာ ယူဆ၊ ကဗျာစာအုပ်ဖြစ်ရသည့် ဒုလ္လဘအတွက် ကျေနပ်မိ ” ဟုပြောကြား ။
လှသန်း ကလောင်အမည်အပြင် စံသိုက် ၊ နမိတ်ထွန်းသန်း ၊ လိပ်ပြာသန့်သန့် ၊ ကြည်မောင်သန်း ၊ ရန်မခ ၊ မောင်သီးသန့်
တို့ဖြင့်လည်း ရေးသားခဲ့ ။ ၂၀၁၁ ခုနှစ် ၊ အောက်တိုဘာလ ၂၂ ရက် စနေနေ့တွင် ကွယ်လွန်သည် ။
နှစ်ဦးသဘောတူ
အတူတကွ နေထိုင်ခဲ့သော
နှစ် ၊ လ ၊ ရက် ၊ နာရီ များအတွက်
ကျေးဇူးတင်လျက် ။ ။
– မချော -
ငါတို့နှစ်ယောက်ကို ဘယ်သူစောင့်ရှောက်မှာလဲ လှသန်းရယ် . .
– August Lyn -
သူနဲ့အတူတူ နာရီပေါင်းများစွာနေခဲ့တယ်
သူ့ဆီက ဘာတစ်ခုမျှ မရခဲ့ဘူး
ငါ့လောက် . . . ငါ့လောက် အသုံးမကျတဲ့သူ ရှိဦးမလား
ငစိုင်းက ပစ္စည်းတစ်ခုရတယ် ၊ ငါက မျက်ရည်တွေပဲ ရတယ် ။
– C Thu -
