မြန်မာ့ဂီတ ရေစီးကြောင်း အချိုးအကွေ့၊ အပြောင်းအလဲ

Posted: May 6, 2009 in Review
Tags:
မြန်မာ့ဂီတ ရေစီးကြောင်း အချိုးအကွေ့၊ အပြောင်းအလဲ Print E-mail
ငြိမ်းချမ်းငြိမ်း
အင်္ဂါနေ့၊ မေလ 05 2009 17:22 – မြန်မာစံတော်ချိန်
၁ဝ နှစ် တခါခန့်ဆိုသလို မြန်မာနိုင်ငံ၏ ဂီတရေစီးကြောင်းကား ပြောင်းတတ်သည့်သဘော ရှိလေသည်။ ၁၉၉ဝ ပြည့်လွန် မတိုင်မီနှစ်များတွင် ဟဲဗီးရော့ခ် ဂီတသံစဉ်များ စင်မြင့်ပေါ် ရောက်မလာသေးသည့် အချိန်ဖြစ်သည်။ စိုင်းထီးဆိုင်၊ မွန်းအောင်၊ စိုးသူ၊ ကိုင်ဇာ၊ စိုးလွင်လွင်၊ ချစ်ကောင်း၊ ဟေမာနေဝင်း၊ မေဆွိ၊ မေခလာ စသည့် အဆိုတော်များက စင်မြင့်ဖျော်ဖြေပွဲတိုင်းတွင် ပွဲတောင်းခံရသော အဆိုတော်များ ဖြစ်သည်။

၁၉၉ဝ ပြည့်နှစ်များတွင်မူ လူငယ် မျိုးဆက်သစ်များက ဟဲဗီးရော့ခ် ဂီတကို လက်ခံအားပေးခဲ့ကြသည်။ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ ဟယ်ရီလင်း၊ ရင်ဂို စသည့် အဆိုတော်များ၏ သီချင်းများက လက်ဖက်ရည် ဆိုင်များမှတဆင့် စင်မြင့်ပေါ်သို့ ရောက်ခဲ့သည်။

၂ဝဝဝ ပြည့်လွန် နှစ်များတွင်မူ ဂီတရေစီးကြောင်းက မြန်မာ့ဂီတ သမိုင်းတလျှောက် မည်သည့် ခေတ်ကနှင့်မှ မတူအောင် ပြောင်းသွားသည်ဟု ဂီတပညာရှင်တဦးက မှတ်ချက်ချဖူးသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး Hip Hop အယ်(လ)ဘမ်ဟု ဆိုရမည့် ACID အဖွဲ့ စတင်လိုက်သည်နှင့် အယ်(လ)ဘမ်မှာ အချပ်ရေ စံချိန်တင် ရောင်းချရခြင်းနှင့်အတူ ဟစ်ဟော့ပ် သီချင်းများကို လူကြိုက်များလာပြန်သည်။

ဟစ်ဟော့ပ် သီချင်းများကို ကြိုက်သူအများစုမှာ လူငယ်များ ဖြစ်နေခြင်းက ထိုဂီတ ဆက်လက် အဓွန့်ရှည်ရန် ရေခံမြေခံကောင်းတခု ဖြစ်ခဲ့သည်။ ၂ဝဝ၂ ခုနှစ်ခန့်တွင် ACID ၊ စိုင်းစိုင်းခမ်းလှိုင်၊Too Big ၊ Examlpz ၊ Theory ၊ System ၊ မြေပဲယို စသည့် အဆိုတော် တေးဂီတ အဖွဲ့များ၏ သီချင်းများက ဟဲဗီးရော့ခ် သီချင်းများလိုပင် လက်ဖက်ရည်ဆိုင်များမှတဆင့် စင်မြင့်ပေါ်သို့ ရောက်ပြန်သည်။

၂ဝဝဝ ပြည့်နှစ်တွင် Grunge Rock ဟုလည်း ခေါ်ဆိုကြသည့် Alternative Rock ဂီတကို လူကြိုက်များခဲ့သေးသည်။ ထိုဂီတကို မောင်မောင်ဇော်လတ်၊ ဒိုးလုံး၊ အယ်(လ)ဖြူတို့က ဦးဆောင်ကြသည်။ ထိုဂီတ၏ နာမည်ကျော် လူကြိုက်များသည့် အဆိုတော် ဒိုးလုံးသည် ၂ဝဝ၃ ခုနှစ်တွင် ကွယ်လွန်သွားသည့် အခါတွင် ထိုဂီတလည်း ပရိသတ်အင်အား ကောင်းမွန်စွာ မရှိတော့ဘဲ ဖြစ်ခဲ့ရသည်။

၂ဝဝ၁ ခုနှစ်ခန့်ကတည်းက စတင်လိုက်သည့် အဆိုတော် ရင်ဂို၏ သားဖြစ်သူ ဟန်ထူးလွင် တည်ထောင်ထားသည့် Big Bag အဖွဲ့မှာ ပန့်(ခ်) ဂီတ အဖွဲ့တခုဖြစ်ပြီး၊ ဟစ်ဟော့ပ် လောက် တာထွက် မကောင်းသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း နာမည်ရလာသည်။ အဖွဲ့၏ အဆိုတော် ဟန်ထူးလွင် မှာ Big Bag အနေဖြင့် တကိုယ်တော် ပွဲများ ကျင်းပလာနိုင်သည်အထိ အောင်မြင်မှု ရလာခဲ့သည်။

မူလက ဟစ်ဟော့ပ်နှင့် ပန့်ခ် ဂီတအဆိုတော်များကို စင်မြင့်ဖျော်ဖြေရေး ပွဲစဉ်များတွင် အတူတွေ့ရသော်လည်း ၂ဝဝ၆  ခုနှစ်  နောက်ပိုင်းတွင် ဂီတ နှစ်ခု၏ အားပြိုင်မှုနှင့် ထို ဂီတကို အားပေးသော ပရိသတ်တို့၏ စရိုက်သဘာဝ ကွဲပြားမှုကြောင့် နောက်ပိုင်းတွင် ဟစ်ဟော့ပ် ဖျော်ဖြေပွဲများက သတ်သတ်၊ ပန့်ခ် ဖျော်ဖြေပွဲများက သတ်သတ်စီ ခွဲ၍ ကျင်းပခဲ့ရသည်။

၂ဝဝ၃ ခုနှစ် နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံ၏ ဂီတရေစီးကြောင်း၌ အရောင်အသွေးက စုံလင်လှသည်။ လူငယ် အဖွဲ့တချို့၏ ဟဲဗီးမက်တယ်ဟု ခေါ်သော တီးဝိုင်းများလည်း ပေါ်ထွက်လာသည်။ ဟဲဗီးမက်တယ် အဖွဲ့များသည်လည်း သူ့ပရိသတ်နှင့်သူ ရှိသော်လည်း ဟစ်ဟော့ပ်နှင့် ပန့်(ခ်)ဂီတများလောက် လူကြိုက် မများလှ။

ပေါ့ပ် အဆိုတော်များလည်း လူကြိုက်များလာသည်။ R&B ဂီတ စတိုင်လ်ဘက်သို့ ပိုမို၍ နွှယ်သည့် သီချင်းများကို သီဆိုသူ အဆိုတော်မလေး အယ်ဆိုင်းဇီမှာ ၂ဝဝ၅ ခုနှစ်နောက်ပိုင်းတွင် တမဟုတ်ချင်း နာမည်ကြီးလာသည်။ ယောက်ျားလေး အဆိုတော်အဖွဲ့ (Boy Band)၊ မိန်းကလေး အဆိုတော်အဖွဲ့ (Girl Band) များလည်း ပေါ်ပေါက်ခဲ့သည်။ Boy Band အဖွဲ့များတွင် မျက်နှာ သီချင်းဖြင့် နာမည်ရလာသူ IMP အဖွဲ့နှင့် သနပ်ခါး သီချင်းဖြင့် နာမည် ရလာသည့် Black Hole အဖွဲ့တို့မှာလည်း ပရိသတ်အားပေးမှု ရှိသည်။ Girl Band များတွင်မူ No, Bambino, Blue Berry တို့မှာ ဆယ်ကျောက်သက် ပရိသတ်များ၏ အားပေးမှုကို ထူးကဲစွာ ရထားကြသည်။

အမေရိကန်ရှိ Liin Kin Park, Limp Bizkit နှင့်  Korn အဖွဲတို့ကို တုပထားသည့် အဖွဲ့တချို့လည်း ရန်ကုန်မြို့တော်တွင် အနည်းဆုံး အဖွဲ့ ၂ဝ ထက်မနည်း ရှိသော်လည်း ရေပန်းစားမှုတော့ မရှိလှ။ ရှော့ပင်း ပလာဇာများတွင် ကျင်းပသော အရောင်းမြှင့်တင်ရေးပွဲများနှင့် အခပေးကြည့်ရှုစရာ မလိုသောပွဲများတွင် သူတို့၏ ဖျော်ဖြေမှုကို တွေ့ရသည်။ ထိုအဖွဲ့များကို Nu Metal ဟု ခေါ်သော်လည်း သူတို့က ပရိသတ်နှင့် မိတ်ဆက်သောအခါ Rap Metal ဟု ပြောသည်။

၂ဝဝ၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂီတလောက၌ ထူးထူးခြားခြား အချင်းအရာတခု ဖြစ်ခဲ့သေးသည်။ မြန်မာပရိသတ် အများစုနှင့် လုံးဝ စိမ်းနေသေးသည့် ဂီတတခုမှာ ထိုနှစ်က နိုင်ငံတဝှမ်း လူကြိုက် များခဲ့သေးသည်။ ယခင် Theory အဖွဲ့မှ ရက်(ပ်) အဆိုတော် သားစိုးနှင့် The Pioneer Club တွင် ဒီဂျေ လုပ်သော Dj Jay တို့ ပူးတွဲထုတ်လုပ်ထားသည့် ရောသမမွှေ အခွေမှာ လူကြိုက်များခဲ့သည်။

ထိုအယ်(လ)ဘမ်တွင် ပါဝင်သော ဂီတအမျိုးအစားမှာ Dance Music ဟု ခေါ်ဆိုသည့် Electro House ဂီတအမျိုးအစား ဖြစ်ပြီး၊ မြန်မာသံများနှင့် Remix လုပ်ထားသည်။ သင်္ကြန်ကာလများအတွင်း လူကြိုက်များသည်။ ယခင်ကလည်း မျိုးကျော့မြိုင်၊ ဥက္ကာဦးသာ၊ DJ၊ သော်သော် စသူတို့၏ မြူးမြူးကြွကြွ တီးလုံးများပါသော Remix အခွေများ ထွက်ခဲ့သေးသော်လည်း ရောသမမွှေ အယ်(လ)ဘမ်လောက် အောင်မြင်မှု မရပေ။

ရောသမမွှေ၏ အောင်မြင်မှု အရှိန်အဟုန် ဂယက်ကြောင့်လည်း မြန်မာနိုင်ငံတွင် ဒီဂျေတခေတ်မှာ ဆန်းသစ်လာခဲ့သည်။ ဒီဂျေခေတ်ဦးကတည်းက First Generation ဒီဂျေ ဖြစ်ကြသူများမှာလည်း အကြောင်းကြောင်းကြောင့် တခြားနယ်ပယ်များတွင် ကျင်လည်ပြီးကာမှ ဒီဂျေအဖြစ် ပြန်လည်အသက်မွေးရန် စိတ်အားထက်သန်လာကြသည်။ မျိုးဆက်သစ်များလည်း ဒီဂျေလောက အတွင်းသို့ ဝင်ရောက်လာကြပြီး၊ တချို့မှာ ဒီဂျေဟု နာမည်တပ်ခံရ၍ လူအထင်ကြီးမှု ရစေရန်သာ ဖြစ်သည်။ (ထိုအဖြစ်ကား မြန်မာနိုင်ငံ၏ ဂီတနယ်ပယ်တွင် အလွန် အဖြစ်များသည်။) ရောသမမွှေ အယ်(လ)ဘမ် ထွက်ပြီးနောက် နှစ်စဉ်နှစ်တိုင်း သင်္ကြန်အချိန် နီးကပ်လာလျှင် Remix အခွေများ ထွက်လာသည်။

ထို Remix အခွေများ ဖန်တီးသော မျိုးဆက်သစ် DJ များ၌ Dj Wine ဆိုသည့် လူငယ်တဦးမှာ ဥရောပ နိုင်ငံများတွင် လူကြိုက်များသော Trance ဂီတမျိုးကို ဖန်တီးနိုင်ခဲ့သည်။

အချုပ်အားဖြင့် ဆိုရသော် ၂ဝဝ၆ ခုနှစ် နောက်ပိုင်းတွင် ဂီတလောက၌ မျိုးဆက်သစ်များစွာ ပေါ်ပေါက်ခဲ့ပြီး ထိုမျိုးဆက်သစ်များကလည်း  ဂီတသစ်များတွင် ဝင်တိုးရန်အတွက် စိတ်အားထက်သန်ခဲ့သည်။ တချို့သော ဂီတ မျိုးဆက်သစ်များမှာ ပါရမီနှင့် ကြိုးစားအားထုတ်မှု ရှိသော်လည်း သူတို့၏ အယ်(လ)ဘမ်များအတွက် ပရိုဂျူဆာ အရှာရခက်သည်။ ထုတ်လုပ်သူများကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေများကြောင့် စွန့်စားပြီး မလုပ်ချင်ကြ။

မျိုးဆက်သစ်များကလည်း ထိုအခက်အခဲကို ကျော်လွှားနိုင်ရန် Underground ဟု ခေါ်ဆိုသည့် အစိုးရ အဖွဲ့အစည်းများ အသိအမှတ် မပြုရသေးသော အယ်(လ)ဘမ်များကို ထုတ်ဝေလာကြသည်။

Underground အယ်(လ)ဘမ်များမှာ ယခင်ကလည်း အထိုက်အလျှောက် ရှိသော်လည်း နောက်ပိုင်းတွင် အယ်(လ)ဘမ်တချပ် ထုတ်ဝေရန် စရိတ်အတွက် အကုန်အကျ မခံနိုင်သေးခင် Underground အယ်(လ)ဘမ်များ ထုတ်ဝေလာကြသည်။

ဆယ်စုနှစ် တခုကျလျှင် ရေစီးကြောင်းတခုသို့ ပြောင်းသွားတတ်သော မြန်မာ့ဂီတလောကမှာ ACID အဖွဲ့၏ အယ်(လ)ဘမ်ထွက်ပြီး ၁ဝ နှစ်ကျော်ကြာ အချိန်တွင် မြေပေါ်ဂီတနှင့် မြေအောက်ကဲ့သို့ ကွဲပြားခြားနားသည့် အခြင်းအရာနှစ်ခု ပေါ်ထွက်လာသည်။ မြေအောက်ဂီတ၏ ပျံ့နှံ့မှုမှာလည်း အတိုင်းထက် အလွန်ပင် ဖြစ်သည်။

နာမည်ကျော် ဂစ်တာသမားတဦးက Underground ဂီတ တွင်ကျယ်လာမှုသည် အကြောင်းကြောင်းကြောင့်ဟု သုံးသပ်သည်။ မည်သည့်ခေတ်နှင့်မှ မတူအောင် Underground ဂီတ တွင်ကျယ်လာမှုသည် မြန်မာနိုင်ငံ၏ လက်ရှိပစ္စုပ္ပန် အခြေအနေများကို မီးမောင်းထိုးပြရာ ရောက်သည်ဟု ရော့(ခ်) သီချင်းများကို ရေးသော တေးရေးဆရာ တဦးက အင်တာဗျူးတွင် ပြောသည်။

သို့သော် ဂျာနယ် ပုံနှိပ်ရန်အတွက် စာပေစိစစ်ရေးဟု ခေါ်သည့် ရုံးသို့ တင်ပြသည့်အခါ တေးရေးဆရာ ပြောသော စကားကို ချန်လှပ်ဖြုတ်ပစ်ရန် ထိုရုံးက အမိန့်ပေးခဲ့သည်။

Chop from Mizzima News

Comments
  1. outlawz says:

    Complete message of future MUZIC

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s