အဖြူရောင် ကင်းဘတ်စလေး အတွက် ဆေးရောင်လှလှ ခြယ်စေချင်သူ

Posted: June 6, 2010 in News
Tags: , ,

အနုပညာလောကထဲကို မျိုးရိုးစဉ်ဆက် အလိုက် ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင် စန္ဒီမြင့်လွင်ရဲ့ ဖြစ်တည်မှုကို ပြန်ပြီးဆန်းစစ် လေ့လာကြည့်တဲ့အခါ ‘စန္ဒီမြင့်လွင်’ ဆိုတာ ‘စိုးFamily’လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ စိုးမြတ်နန္ဒာ၊ သရုပ်ဆောင် အဆိုတော် စိုးမြတ်ကလျာ၊ ဆရာဦးစိုးမြင့်၊ စာရေးဆရာ မစိုးကြည်ဖြူတို့ရဲ့ မျိုးဆက်သစ် တစ်ယောက် အဖြစ် လူသိများ လာခဲ့သူလေး ဖြစ်ပါတယ်။ သရုပ်ဆောင်သစ်လေး တစ်ယောက် အဖြစ် တိုးဝင် လာခဲ့ပေမယ့်လည်း တကယ်တမ်း သူမအတွက် မှတ်ကျောက် တင်နိုင်ခဲ့တာက ဂီတလမ်းကြောင်း ပေါ်မှာပါပဲ။ မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် အနုပညာလမ်းကြောင်းပေါ် စတင်ရောက်ရှိ လာခဲ့စဉ်က အစ်မငယ်ဖြစ်သူ အကယ်ဒမီ စိုးမြတ်နန္ဒာနဲ့ ချွတ်စွပ်တူတဲ့ မျက်နှာလေးကြောင့် လူသိများလာခဲ့သူလေး ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အနုပညာ လှုပ်ရှားမှုများကို ခပ်သွက်သွက်လေး လုပ်ကိုင်လာရင်း အစ်မများရဲ့ အိုက်တင်နဲ့မတူ တစ်မူ ကွဲထွက်လာခဲ့တာကို သတိထားမိခဲ့ကြပါတယ်။ ဗီဒီယိုဇာတ်ကားများစွာ၊ ဂျာနယ်မဂ္ဂဇင်း များစွာမှာပါဝင်လှုပ်ရှားလာခဲ့တဲ့ ‘စန္ဒီမြင့်လွင်’ရဲ့နာမည်မှာ ‘စိုး’ဂုဏ်ပုဒ် တစ်ခုမှ မပါဝင်ခဲ့ သလို၊ သူမရဲ့လှုပ်ရှားမှုများအနက် အချို့ အချို့မှာလည်း အစ်မများရဲ့ အရိပ်အာဝါသအောက်မှာ ကွာဝေးနေခဲ့ပြန်ပါတယ်။ ဒါကလည်း ပင်ကိုယ်ဟန်၊ ပင်တိုင်ပုံစံနဲ့ ကွဲထွက်လာခဲ့တဲ့ သူမရဲ့ အရည်အချင်းကြောင့်ပါပဲ။

သရုပ်ဆောင် စန္ဒီမြင့်လွင်ရယ်လို့ ဖြစ်လာစအချိန်မှာပဲ ဘယ်လိုမှ မထင်မှတ်ထားတဲ့ သူမရဲ့ Talent တစ်ခု ပေါ်ထွက်လာခဲ့ပါတော့တယ်။ ကြက်တူရွေးစာချသလို၊ ပေါက်ပေါက်ဖောက်နေသလို၊ အဆက်မပြတ် ထွက်ပေါ်လာနိုင်တဲ့ Rap သံစဉ်၊ တေးသွားများက စန္ဒီမြင့်လွင်ရဲ့ ပါးစပ်ဖျားမှာ ကြောက်ခမန်းလိလိ နားဆင်ခဲ့ကြရပါတယ်။
Hip Hop သီချင်းသံစဉ်တွေကြားမှာ ထွန်းပေါက်လာခဲ့တဲ့ သူမရဲ့ ဂီတလှုပ်ရှားမှုများက အရွယ်နဲ့ မလိုက်အောင် အောင်မြင် သွားခဲ့ပြန်ပါတယ်။     မိန်းကလေး Rapper များကိုလက်ချိုး ရေတွက်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဂီတလောကကြီးထဲမှာ ‘စန္ဒီမြင့်လွင်’ကို ထိပ်တန်းတစ်နေရာမှာ ရပ်တည်နေနိုင်သူ ဆိုတဲ့အဖြစ်ကတော့ ဘယ်လိုအကြောင်းနဲ့မှ ငြင်းဆန်လို့မရခဲ့ကြပါဘူး။ Stage Show ပွဲတိုင်းမှာ ‘စန္ဒီမြင့်လွင်’ မပါရင် မပြီးနိုင်လောက်အောင် သူမရဲ့ဂီတသံစဉ်များက သွက်လက်စွာ နေရာယူနိုင်ခဲ့ပါတယ်။ အဖွဲ့တစ်ခုဖွဲ့ပြီး သီဆိုနေကြစဉ် ကာလက သတိမထားမိခဲ့ကြပေမယ့် တစ်ကိုယ်တော် ကွဲထွက်လာချိန်မှာတော့ စူးရှတဲ့ ပရိသတ်ရဲ့ အာရုံက သူမထံသို့ စုပြုံရောက်ရှိလာခဲ့ကြပါတယ်။
‘ငါ့သမီးလေးတော်လိုက်တာ’ သီချင်းတစ်ပုဒ်မှာတော့ စန္ဒီမြင့်လွင်ရဲ့ ဂီတစွမ်းရည်ကို လက်ဖျားခါကုန်ကြတဲ့ အထိ အောင်မြင်သွားခဲ့ပြန်ပါတယ်။
အဆိုတော်ဂျင်းနီနဲ့ စုံတွဲ သီဆိုခဲ့ကြတဲ့ ‘ကြာပါတယ်’သီချင်းလေးကလည်း သူမကို နေရာတစ်နေရာ ရောက်ရှိအောင် တွန်းပို့နိုင်ခဲ့သလို ငယ်ရွယ်သွက်လက်တဲ့  သူမရဲ့ဟန်ပန်လေးနဲ့လိုက်ဖက်ညီသွားခဲ့တဲ့ ‘အာဖျံကွီး’သီချင်းလေးမှာလည်း စန္ဒီမြင့်လွင် သရဖူဆောင်း နိုင်ခဲ့ပါတယ်။
အခုလည်း ကြည့်ပါဦး…။ ဂီတလမ်းကြောင်းမှာ သူမရဲ့အရဲစွန့်ပုံက ရင်သပ်ရှုမော စရာပါပဲ။ (၂ဝ၁ဝ)ခုနှစ်၊ မေလ(၁၈)ရက်နေ့မှာ ပရိသတ်လက်ထဲရောက်အောင်   ပို့သွားနိုင်ခဲ့တဲ့’ဆေးရောင်လှလှခြယ်ရအောင်’တစ်ကိုယ်တော်တေးစီးရီး Album လေးကြောင့် သူမကိုချစ်ခင်ကြတဲ့ ပရိသတ်တွေက ဝိုင်းဝန်းအားပေးကြသလို၊  သူမအပေါ်မရှုစိမ့်နိုင်သူ အချို့ကတော့ အားမနာတမ်း ထောပနာ ပြုခဲ့ကြပြန်ပါတယ်။

ဒါသည်လည်း အောင်မြင်သူတို့ရဲ့ လမ်းကြောင်းအစပင် မဟုတ်ပေလား။ ခြေထိုးခံသူ၊ ပခုံးချင်းတိုက်သူများကြားမှ ဖောက်ထွက်သွားနိုင်ခဲ့တဲ့ ‘စန္ဒီမြင့်လွင်’ တစ်ယောက် ဂီတလောကမှာ ‘ဆေးရောင်လှလှ ခြယ်နိုင်ခဲ့ပါပြီ’။ ရန်ကုန်မြို့မှာ စာနယ်ဇင်း မိတ်ဆက်ပွဲ လုပ်ပြီးတာနဲ့ အချိန်မနှောင်းခင်မှာပဲ ဂီတမောင်နှမ တစ်သိုက်နဲ့ ရွှေမန္တလေး မြို့တော်ကြီးသို့ အရောက်သွားပြီး ခြေလှမ်းချဲ့ထွင် နိုင်ခဲ့ပြန်ပါတယ်။ မေလ(၂၁)ရက်နေ့လို အချိန်အခါကောင်းမှာ မန္တလေးမြို့ရဲ့နာမည်ကြီး 78 Shopping Mall ဆီသို့ လှမ်းတက်ပြီး အနုပညာ မောင်နှမများဖြစ်ကြတဲ့ သရုပ်ဆောင်ဆုပန်ထွာ၊ ဆုကဗျာ၊ အဆိုတော် N ကိုင်ရာ၊ ဟဲလေး၊ ရသ၊ ယုန်လေး၊ ဂျောက်ဂျက် အစရှိတဲ့ Hip Hop သူရဲကောင်းများနဲ့ Promotion ပွဲ ကြီးတစ်ပွဲကို ခမ်းခမ်းနားနား ကျင်းပ သွားနိုင်ခဲ့ပါတယ်။ အဲဒီပွဲကြီးမှာ အခွေတွေလည်း ရောင်းရင်း၊ အနုပညာရှင်တွေ ကလည်း မမောတမ်း လက်မှတ်တွေ ရေးထိုးရင်း၊ Hip Hop သံစဉ်များအကြား လွင့်မျောချင်နေကြတဲ့ မန္တလေးပရိသတ်ကြီး အတွက် သီချင်းများကို မနားတမ်း သီဆိုဖျော်ဖြေ သွားခဲ့ကြပါတယ်။ ပရိသတ်တွေနဲ့ အပေးအယူ မျှတခဲ့သလို မန္တလေး စာနယ်ဇင်း အသိုင်းအဝိုင်းကလည်း စန္ဒီမြင့်လွင် အတွက် သောင်းသောင်းဖြဖြ ကြိုဆိုလက်ခံ ပေးခဲ့ကြပြန်ပါတယ်။

78 Shopping Mall က စက်လှေကားများ ပေါ်မှာတင် ခြေချစရာနေရာ မကျန်တော့အောင် စန္ဒီမြင့်လွင်ရဲ့ ပရိသတ်များကို ပုံစံအမျိုးမျိုးနဲ့ တွေ့မြင်ခဲ့ကြရပါတယ်။ သီချင်းငတ်နေတဲ့ ရွှေမန္တလေး ပရိသတ်ကြီးအတွက် အကောင်းဆုံး တာဝန်ကျေပွန်ခဲ့တဲ့ ‘စန္ဒီမြင့်လွင်’ရဲ့ ကကြိုးသီချင်းလေး အတိုင်း ‘စန္ဒီမြင့်လွင်’ ဖြစ်တည်မှုလေး ခိုင်မာသွားခဲ့ရပါပြီ။
Title သီချင်းဖြစ်တဲ့ ‘ဆေးရောင်လှလှ ခြယ်ရအောင်’ သီချင်းအတွက် Featuring သီဆိုပေးခဲ့တဲ့ သီရိဆွေ၊ ‘အချစ်သီချင်း’အတွက် Featuring ဆိုပေးခဲ့တဲ့ ဝိုင်းစုခိုင် သိန်း၊ ‘မနီးစပ်ခြင်း’သီချင်းမှာ ဝင်ကူပေးခဲ့တဲ့ ‘ဘိုလေး’၊ ‘လမ်းခွဲခြင်း’သီချင်းမှာတော့ ကျော်ထွဋ်ဆွေနဲ့ J-me ၊ Ar-T တို့ရဲ့ ပံ့ပိုးပေးခဲ့ကြတာတွေကလည်း ‘စန္ဒီမြင့်လွင်’အတွက် တစ်ဖက်တစ်လမ်းက ပန်းတိုင်ကို တွန်းပို့ပေးခဲ့ကြသလိုပါပဲ။
လူငယ်ပီပီ၊ လူငယ်စိတ်ရှိတဲ့ စန္ဒီမြင့်လွင်ရဲ့ အောင်မြင်မှု အနှစ်ချုပ်ကတော့ ဂီတသံစဉ် များစွာပဲဖြစ်ပြီး သီချင်းဆိုကောင်းတဲ့ စန္ဒီမြင့်လွင်၊ သီချင်းဆိုပိုင်တဲ့ စန္ဒီမြင့်လွင် အဖြစ် အားလုံးက အသိအမှတ်ပြုခဲ့ကြရပါပြီ။ ဒါဆိုရင်တော့ စန္ဒီမြင့်လွင်တော်တယ် ဆိုတာ လက်ခံရုံတင်မက အသိအမှတ်ပါ ပြုကြရဖို့ ဘယ်လို အကြောင်းအချက်များနဲ့မှ တိုက်တွန်းနေစရာ မလိုအပ်တော့ပါပြီရှင်။ အဖြူရောင် ကင်းဘတ်စလေး စန္ဒီမြင့်လွင် အတွက် စုတ်ချက် ပြင်း-မပြင်း ဆိုတာကိုပဲ စောင့်စားအကဲခတ်ရင်း…

ချစ်ညီမဒီဒီရဲ့ မန္တလေးခရီးစဉ် အမှတ်တရ

ဆုကဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s