ပွဲပြီးမီးမသေ . . …၊ ရေဂါလန် သန်း ၄၀ : ဆူးငှက်

Posted: April 25, 2011 in Legend, Review
Tags: , ,

သင်္ကြန်တစ်နှစ်ကတော့ ပြီးသွားပြန်ပါပြီ။ ကျွန်တော်တို့ ငယ်ငယ်ကတော့ သင်္ကြန်တစ်တွင်းလုံး လည်ပတ်သီဆို တီးမှုတ်ပျော်ရွှင်ပြီး နှစ်ဆန်းတစ်ရက်နေ့ မိုးစင်စင်လင်းတာမှပင် သင်္ကြန်ကားပေါ် အိပ်ပျော်နေတာ အမြင်မတော်လို့ နှိုးတော့ အိပ်မှုန်စုံမွှားနဲ့ ‘သင်္ကြန်ရောက်ဖို့ ၃၆၄ ရက်ပဲ လိုတော့တယ်နော်’ပြောတဲ့ သင်္ကြန်မင်းသားရဲ့ သင်္ကြန်အပေါ် စွဲလန်းမြတ်နိုးစိတ်တွေကို ကြားဖူးခဲ့ပါတယ်။ အခု ကျွန်တော်ကလည်း နောင်တော့်နောင်တော်တွေလို ‘သင်္ကြန်ရောက်ဖို့ ၃၆၄ရက်ပဲ လိုတော့တယ်’လို့ လွမ်းဆွတ်မျှော်လင့်တာတော့ မဟုတ်ပါဘူး။ ပွဲပြီးမီးသေ ဖြစ်သင့်ပါလျက် ပွဲပြီးမီးမသေ ဖြစ်ရတာက နှစ်စဉ်ဖြစ်နေကျ ရင်ထဲက ခိုးလို့ခုလု ကိစ္စတွေကြောင့်ပါပဲ။

photo:မြို့မအပျော်တမ်းတူရိယာအသင်း(မန္တလေး) facebook

ဘာပဲပြောပြော အခုပြီးခဲ့တဲ့ သင်္ကြန်မှာ ထူးထူးခြားခြား ဂန္ထ၀င် သင်္ကြန်သံစဉ်တွေကို ပြန်လည် တမ်းတလာကြတာကတော့ သိသာလာပါတယ်။ ရေဒီယိုတွေ၊ ရုပ်သံတွေ၊ နိုင်ငံခြားမီဒီယာတွေမှာ ငြိမ့်ညောင်းသာယာတဲ့ သင်္ကြန် ဂန္ထ၀င်သီချင်းတွေကိုပဲ ထပ်တလဲလဲ လွှင့်ထုတ်ပြသနေပြီး အခု ဂန္ထ၀င် ဖြစ်သွားတဲ့ ‘သင်္ကြန်မိုး’ ရုပ်ရှင်ကားနဲ့ သင်္ကြန်သီချင်းတွေက ပြန်လည်ဖော်ထုတ် အမှတ်တရ လက်ဆင့်ကမ်းတဲ့ အစီအစဉ်တွေနဲ့လည်း မြိုင်ဆိုင်လာပါတယ်။ ဟုတ်ပါတယ်။ အော်ဟစ်၊ ဆူညံ၊ ပေါက်ကွဲမှုတွေနဲ့ ကျွန်တော်တို့ မောဟိုက်ပူလောင်ခဲ့ပါပြီ။ ငြိမ်းချမ်းချင်ပါပြီ။ အေးချမ်းချင်ပါပြီ။ ငြိမ့်ညောင်းသာယာတဲ့ သင်္ကြန်သီချင်းလေးတွေနဲ့ သန္တရသကို ခံစားနေချင်ကြပါပြီ။ အလှတွေ၊ ဂီတတွေ၊ အကတွေနဲ့ ယဉ်ကျေးချင်ကြပါပြီ၊ ကဲ … ထားပါတော့။

ပွဲပြီး မီးမသေ (၁)
သင်္ကြန်နားနီးရင် ထုံးစံအတိုင်း တူးပို့တူးပို့သံ ကြားရပြီး တူးဆွမှု၊ ဖြတ်သန်းမှုတွေနဲ့ သင်္ကြန်ပုံရိပ်တွေကို ဖော်ဆောင်ကြတာချည်းပါပဲ။ ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီ သင်္ကြန်ပုံရိပ်တွေ ဖော်ကြတော့ ထုံးစံအတိုင်း သင်္ကြန်သီချင်းပမာဖြစ်နေတဲ့ ‘ရွှေမန်းတောင် ရိပ်ခို’သီချင်းက မပါမပြီးပေါ့။ ဒီသီချင်းကို ၁၉၅၀ ပြည့်နှစ်ရောက်မှ မန္တလေးသား သီချင်းရေးဆရာကြီး သုံးဦးရဲ့ ရှိပြီး သီချင်းသုံးပုဒ်ထဲက ကောင်းနိုးရာရာ တစ်ပိုဒ်စီယူ၊ စုပေါင်းစပ်ပေါင်းနဲ့ ဘီတီဘရားသား ကိုအံ့ကြီးတို့ အဖွဲ့ စတင် သီဆိုခဲ့တယ်ဆိုတဲ့ ဖော်ထုတ်မှုတွေ တွေ့ရပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးခဲ့ အပြောခဲ့ဆုံးက ကျွန်တော်ပါ။ ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းဟာ ၁၉၅၀ ပြည့်နှစ်မှ ပေါ်ပေါက်လာတာ မဟုတ်ပါ။ ၁၉၄၇ ခုနှစ် (၁၃၀၉ ခုနှစ်) သင်္ကြန်မှာကတည်းက မြို့မတူရိယာ အသင်းက သီဆိုခဲ့တာပါ။ ၁၉၄၇ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ထုတ် လူထုသတင်းစာ မျက်နှာဖုံးမှာ အခိုင်အမာ ပါရှိခဲ့တာပါပဲ။ ‘ချိုပြုံးရွှင်သော နှမပျိုရယ်…’ အစချီ ရွှေမန်းတောင် ရိပ်ခိုသီချင်း၊ ‘ရေလောင်းရေပက်ခံကာရယ် သူငယ်ချင်းရင်းတဲ့ လုံမေရယ် …’ အစချီ ‘ရေလောင်းရေပက်’ သီချင်း၊ ‘အေးအေးချမ်းချမ်းလောင်းစမ်း သင်္ကြန်ရေ…’ အစချီ အေးအေးချမ်းချမ်းသီချင်း၊ ပျော်ပါစေကွယ် သင်္ကြန်မယ် အလှရယ် ရေပက်ခံမယ် … အစချီ ‘ပျော်ပါစေကွယ်’ သီချင်းတွေဟာ ၁၃၀၉ ခုနှစ်ရဲ့ မြို့မသင်္ကြန် သီချင်းတွေပါ။ မြို့မငြိမ်း တစ်ဦးတည်း ရေးစပ်ခဲ့တဲ့ ရွှေမန်းတောင်ရိပ်ခို သီချင်းကို ၁၉၅၀ ပြည့်နှစ်ရောက်တော့ ရန်ကုန်ရောက် မန္တလေးသားများ ဆင်နွှဲတဲ့ ရွှေမန်းရေယာဉ် အလှပြယာဉ်နဲ့အတူ မြို့မငြိမ်းကိုယ်တိုင် ငန်းရုပ်ကြီးဘေးမှာထိုင်ပြီး ရန်ကုန် သင်္ကြန်မှာ လှည့်လည်တော့ ပြန်လည် ဖော်ထုတ်သီဆိုခဲ့တာပါ။ ဒီသီချင်းက ရန်ကုန်သင်္ကြန်ကတစ်ဆင့် ပျံ့နှံ့သွားပြီးမှ ဘီတီဘရားသားအဖွဲ့က ကြိုက်နှစ်သက်လို့ ရယူသီဆို တီးမှုတ်ဓာတ်ပြားသွင်းခဲ့တာပါ။ အခုတော့ ဒီဖြစ်စဉ်အမှန်တွေကို သွေဖည်ပြီး သီချင်းရေးဆရာ သုံးယောက်ရဲ့ သီချင်းသုံးပုဒ်ထဲက တစ်ပိုဒ်စီ ကူးယူပြီး ပြန်လည် စုစည်းယူတယ်ဆိုတဲ့ ကိစ္စကို တပြောတည်းပြော တရေးတည်းရေး နေကြတာလည်း ပွဲပြီးမီးမသေရတဲ့ ကိစ္စတစ်ခုပါပဲ။ ကာယကံရှင် ကိုအံ့ကြီး ကိုယ်၌က သီချင်းရေးဆရာကိစ္စကို ကျွန်တော်ဘာမှမသိပါဘူးလို့ ပြောခဲ့ပြီးပြီ မဟုတ်လား။

ပွဲပြီး မီးမသေ (၂)
နောက်တစ်ခုက သင်္ကြန်ရဲ့ သင်္ကေတဖြစ်တဲ့ တူးပို့တူးပို့ ဒိုးချက်ကို ဘယ်သူက၊ ဘယ်တုန်းက စတင်ခဲ့သလဲဆိုတဲ့ ကိစ္စ…။ ဒါလည်း ၁၉၇၅ ခုနှစ် မြို့မရွှေရတု စာစောင်မှာ ကတည်းက ရှင်းခဲ့လင်းခဲ့ပြီးတဲ့ ကိစ္စပါ။ ၁၉၃၀ ပြည့်နှစ် ၀န်းကျင်ရောက်တော့ မန္တလေးသင်္ကြန်မှာ နိုင်ငံခြားသား အိန္ဒိယသူဌေးတွေပိုင်တဲ့ ကုန်တင်လော်လီကားတွေပေါ် တူရိယာပစ္စည်းတွေတင်၊ ကားကိုလည်း အလှဆင်ပြီး မြို့လုံးအနှံ့ လှည့်လည်တီးမှုတ် ဖျော်ဖြေကြတယ်။ ဒါကို မန္တလေးက ‘ရေသဘင်ပွဲ ဆင်နွှဲတယ်’ဆိုပြီး ပြုမူ ဆောင်ရွက်ခဲ့ကြတယ်။ ရေသဘင်ပွဲဆိုတာနဲ့ လတော်သလင်း၊ မြစ်ရေသင်ဖြူးခင်းချိန် လှေပွဲသဘင် ဆင်နွှဲတာ …၊မန္တလေး ရတနာပုံနေပြည်တော်ရဲ့ ကျုံးလေးဘက်လေးတန်မှာ လက်ထက်တော်ကြီး လက်ထက်တော်လေး ကာလတပ် အင်္ဂါ အခင်းအကျင်းနဲ့ ရေခင်းသဘင် ဆင်ယင်တာတွေနဲ့ ချိတ်ဆက် မှတ်ယူကြပါတယ်။ လှေပွဲသဘင်၊ ရေခင်းသဘင်တွေမှာ ပြည်ကြီးမွန်ဖောင်တော်၊ ကရ၀ိက်ဖော်တော်၊ လှော်ကားလှေတော်တွေ၊ မှောလှေတော်သားတွေ တက်အချီအချ အတွက် စည်ဒိုသံ၊ လကွင်းသံတွေနဲ့ အချက် ပေးရပါတယ်။ စည်ဒိုသုံးချက်၊ လကွင်းနှစ်ချက်ပါ။ ဒီသံစဉ်ကို ယူပြီး ရေသဘင်ပွဲအတွက် တူးပို့တူးပို့ဆိုတဲ့ စည်ဒိုသံကို မြို့မက စတင် တီးခတ်ခဲ့တာပါ။ မြို့မဒိုးဆရာ သံဖြူတန်းကို လှဒင်နဲ့ မြို့မရဲ့ စိတ်ကူးစိတ်သန်းကို ဒိုးချက်ရဲ့ အပြည့်အစုံက ဗေပို့ …၊ တူးပို့ …၊ တူးပို့..တူး…ဆိုတဲ့ ဒိုးဆစ် ပါ။ ဒီတော့ တူးပို့တူးပို့ သင်္ကြန်ဒိုး စတင် ပေါ်ပေါက်ခဲ့တာလည်း နှစ်ပေါင်း ၈၀ ၀န်းကျင် ရှိရောပေါ့။ ၁၉၄၀ ကာလ၀န်းကျင် မြို့မငြိမ်းက နာမည်ကျော် တူးပို့တူးပို့ သင်္ကြန်သီချင်းကို ရေးစပ်ခဲ့တာလည်း မဟုတ်ပါလား။ ဒါကြောင့် သင်္ကြန်ဒိုးကို ဘယ်သူဘယ်အချိန် စတင်ခဲ့သလဲဆိုတဲ့ ကိစ္စကို အခု သင်္ကြန်အပြီးမှာ ပွဲအပြီး မီးမသေနိုင်ခဲ့ရတာပါ။

ပွဲပြီး မီးမသေ (၃)
နောက်တစ်ခုက သင်္ကြန်မှာ သင်္ကြန်မယ်လေးတွေ ခြေဖျားလေး ရှေ့ထိုးပြီးကတဲ့ သင်္ကြန်အကကို ဘယ်သူက ဘယ်အချိန်မှာ စပြီး ထွင်ခဲ့သလဲဆိုတဲ့ ကိစ္စ ….။ခြေဖနောင့်သာ ခြေထိုးကတဲ့ အစဉ်အလာ မြန်မာအက၊ ခြေဖျားလေးထိုးပြီး ကကြတာက ရုရှား ဘဲလေးအကကို အတုခိုးတာလား။ ဒါမှမဟုတ် ရုရှား ဘဲလေးအကကို မြင်ခဲ့၊ သင်ခဲ့သူတွေရဲ့ ပြန်လည် လက်ဆင့်ကမ်းမှုလား …။ ကဲ ဒီတော့ မန္တလေးသင်္ကြန်ကို ပြန်ပြီး ကောက်ရမှာပါပဲ။ မန္တလေးသူတွေ အလွန်ကတတ်ကြပါတယ်။ဘယ့်နှယ် မကတတ်ဘဲ ရှိပါ့မလဲ။ ဆယ့်နှစ်ရာသီပတ်လုံး လေဘာတီ မမြရင်၊ မြခြေကျင်းမငွေမြိုင်၊ ဥက္ကလာအေးကြည်၊ သြဘာသောင်းတို့ ညှော်မိ၊ ညှော်ဝ နေကြတာကိုး။ ဒီတော့ မန္တလေးသူတွေ သင်္ကြန်မှာ ကကြတာတွေ သူတို့ ညှော်မိ၊ ညှော်ဝ နေကြတဲ့ မင်းသမီးကြီးတွေရဲ့ ကကွက်တွေကို ခပ်မြန်မြန်အတုခိုး ကနိုင်ကြတယ်။ ဒါပေမယ့် သူတို့က အငြိမ့်မင်းသမီးတွေ မဟုတ်ဘူးလေ။သဘင်သည်တွေ မဟုတ်ဘူးလေ။ အရပ်သူတွေ၊ ကျောင်းသူတွေ၊ ဈေးချိုသူတွေ၊ ရွှေဆိုင်တန်းသူတွေ၊ နဂါးဆေးလိပ်သမတွေလေ ….။ ဒီတော့ ရှက်စနိုးဟန်တွေ၊ မရဲတရဲဟန်တွေ၊ မခို့တရို့ဟန်တွေ ကဲနေတာပေါ့။ အငြိမ့်မင်းသမီးတွေလို ခါးကို ကွေးနေအောင် မညွှတ်ဝံ့ဘူး၊ စည်းဖနောင့် ဗျောက်ဝါးကိုလည်း ပီပီပြင်ပြင် ခြေထိုးခြေချ မကရဲဘူး။ မရဲတရဲ ခါးကလေးတန်း၊ မခို့တရို့ အမူအရာလေးနဲ့ ခြေဖျားလေးထိုး ကတာပေါ့။ မန္တလေးသူတွေက သင်္ကြန်မှာလည်း ရွှေခြေကျင်း ကိုယ်စီဝတ်ကြတယ်လေ။ ရွှေခြေကျင်းပေါ်ဖို့၊ ရွှေခြေကျင်းကို မထိခိုက်စေဖို့၊ ဖျိုးကနဲဖျတ်ကနဲ စည်းချက်အကျမှာ ဖနောင့်ခြေထိုးကဖို့ မလှဘူး။ ဒီတော့ ခြေဖျားလေးနဲ့ယဉ်ယဉ်လေး မထိတထိ ခြေထိုးပြီးမှ ရွှေခြေကျင်းဖော် ကကြရတာကိုး။ ဒါကြောင့် မန္တလေးက နာမည်ကြီး အငြိမ့်မင်းသမီးတွေ ပါဝင်ကြတဲ့ သင်္ကြန်အဖွဲ့တွေထက် အရပ်သူတွေပါတဲ့ သင်္ကြန် အဖွဲ့တွေကို သင်္ကြန်ချစ်သူတွေကြားမှာ ပိုမို ထင်ရှားစေခဲ့တယ်။ ပိုမို စွဲမက်စေခဲ့တယ်။ ၁၉၅၁ ခုနှစ်ရောက်တော့ မန္တလေးမှာ ငြိမ်းချမ်းရေး သင်္ကြန်ဆိုပြီး မြို့လုံးကျွတ် သင်္ကြန်အဖွဲ့ပေါင်း ရာချီပြီး ဆင်နွှဲကြတယ်။အဲဒီသင်္ကြန်မှာ မြို့လယ် ၈၄ လမ်း လက်ဆည်ကန်ရပ်က ၀င်းလိုက်မယ်ဆိုတဲ့ ရေသဘင်အသင်းက နာမည်ကြီးတယ်။ ကုန်သည့်သမီးတွေ၊ သူဌေးသမီးတွေ၊ ဈေးချိုသူတွေ များတာကိုး။ ၀င်းလိုက်မယ်မှာ သင်္ကြန်မယ်ကလည်း နာမည်ကြီးတယ်။ အသားအရေ ကောင်းကောင်း၊ အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ပေါက် လှလှ၊ ရုပ်ရည်က အနောက်တိုင်းနွယ်တယ်။ မင်းမျိုးမင်းနွယ်နဲ့ ကပြားစပ်ပေါ့။ ပညာတတ် ကြေးရေတက်ပါ။ သူက ဥရောပ စည်းချက်နဲ့ နိုင်ငံခြားအကကို မြန်မာဝတ်စုံနဲ့ မြန်မာအကဟန် ရောစပ်ပြီး ခေတ်ဆန်ဆန်ကတယ်။ ခြေဖျားလေးနဲ့ ကတာမျိုး၊ ခြေချိုးလက်ချိုး မဟုတ်ဘဲ ဟန်ကလေးနဲ့ ကိုယ်လုံးလေး လှုပ်ရုံ၊ ပခုံးလေးခါရုံ၊ မခို့တရို့ ဟန်လေးနဲ့ ကတာမျိုးပေါ့။ အဲဒီသင်္ကြန်မှာ မြို့မငြိမ်းရဲ့ စောင်းကောက် အလှပြယာဉ်က ပလွေ အလက် ၆၀ နဲ့ ရော်ဘာပြားကျက် သံစည်ပိုင်းနဲ့ ဘူးသီးခြောက်တွေပါတဲ့ တီးဝိုင်းက နိုင်ငံခြားသံစဉ် သင်္ကြန်တေးသွားတွေဟာ ခေတ်ဆန်ဆန် အကတွေနဲ့ အလွန် လိုက်ဖက်လှသတဲ့။ အဲဒီနှစ်က စောင်းကောက်အလှပြယာဉ်နဲ့ ၀င်းလိုက်မယ်ဆုံမယ့် အချိန်ကို မြို့ လူထုက တခဲနက် စောင့်ကြည့်အားပေးကြတာတဲ့။

နောက်ပိုင်း ရတနာနတ်မယ်ရဲ့ အကတွေကို မန္တလေးသင်္ကြန် ယိမ်းအဖွဲ့တွေမှာ ဦးဆောင်ကပြကြတဲ့ မိန်းမလျာတွေက တူအောင် တုပကလာကြတယ်။ ရေစက်ဗိုလ် ဦးမောင်မောင်ရဲ့သား ဘိုဘိုတို့၊ တုတ်တုတ်တို့ ဆိုတာ မန္တလေးသင်္ကြန်မှာ နာမည် ကြီးတဲ့ အကနည်းပြတွေပါ။ သူတို့က ယောက်ျားတွေပေမယ့် သင်္ကြန် အကတွေမှာ ရိုးရာအနေနဲ့ရော၊ ခေတ်ပေါ်အနေနဲ့ရော လှလှပပ ကနိုင်တယ်၊ သင်နိုင်တယ်၊ ဦးဆောင်နိုင်တယ်။ အရပ်ပြောပြောရရင် ဘိုဆန်ဆန် ကနိုင်တယ်။

ဒီလိုအကမျိုးနဲ့ ၁၉၇၀ ၀န်းကျင်မှာ ဓားတန်းရပ်က ချစ်ပန်းနွယ် အဖွဲ့က ထင်ရှားတယ်။ ရွှေဆိုင်တန်းသူတွေ၊ ကွန်ဗင့်ကျောင်းသူတွေ များတယ်။ဘာသာခြားတောင်ပါတယ်။ သင်္ကြန်မှာ သူတို့အကတွေကလည်း သမားရိုးကျ မဟုတ်ဘဲ လှတယ်၊ ယဉ်တယ်၊ ခေတ်ဆန်တယ်။ မြို့မအသင်းကလည်း ချစ်ပန်းနွယ်နဲ့ တစ်ရပ်တည်းဖွား အစ်ကိုကြီး ဖြစ်နေတော့ မြို့မရဲ့ ဥရောပဒိုးချက်နဲ့ သင်္ကြန်သီချင်း အသစ်တွေဟာ ချစ်ပန်းနွယ် နှမလေးတွေအဖို့ သင်္ကြန်မှာ ပိုမို ထင်ရှားကျော်ကြားစေတာပေါ့။ ”ခါသင်္ကြန် တေးသံယဉ်ယဉ် ငြိမ့်ညောင်းစွာ တီးဆိုသံလွင် ဗေလုဝညှင်း သွဲ့သွဲ့သို့ပင်’ဆိုတဲ့ မြို့မရဲ့သီချင်းမှာ ဥရောပဗုံချက်တွေအတိုင်း ချစ်ပန်းနွယ်တို့က အမြင်မရိုင်းစေတဲ့ အကတွေနဲ့ အစ်ကိုကာလသားတွေ မခွာနိုင် ဖြစ်ခဲ့ရတာပေါ့။

မန္တလေးသင်္ကြန် အဆက်ဆက်မှာ ‘သင်္ကြန်အက’ဆိုပြီး ထူးထူးခြားခြား တွင်ကျန်ရစ်ခဲ့တာက ဒီဖြစ်စဉ်တွေရဲ့ အကျိုးဆက်ရလဒ်ပါ။သင်္ကြန်မှာ ဘယ်သူကမှ စည်း၊ ဖ နောင့်၊ ဗျောက်၊ ၀ါး ဆိုပြီး အငြိမ့်မင်းသမီး တစ်လက်လို ခြေချိုးလက် ချိုး အပီအပြင် မကကြပါဘူး။ အငြိမ့်မင်းသမီးရဲ့အကကို အငြိမ့်ခုံပေါ်မှာပဲ စွဲမက်ချင်စွဲမက်မယ်။ သင်္ကြန်မဏ္ဍပ်ပေါ်မှာ မလိုက်ဖက်ပါဘူး။ သင်္ကြန်အကက အရပ်သူဆန်တယ်။ နူးညံ့တဲ့ ဘက်နွယ်တယ်။ ဟန်နဲ့ဆွဲဆောင်တယ်။ အခု ဒီလို ဂန္ထ၀င်တွင်လောက်တဲ့ သင်္ကြန်အကမျိုးလည်း မရှိတော့ပါဘူး။ တီဗွီကလာတဲ့ သင်္ကြန်ယိမ်းတွေ ကြည့်ရင်ကိုပဲ အာသာမပြေနိုင်ဘဲ ရင်ထဲမှာ ခိုးလို့ခုလု ….. ။ ပွဲပြီး မီးမသေကိစ္စ တစ်ခုပါပဲ။

ရေဂါလန် သန်း ၄၀
ဘာပဲပြောပြော သင်္ကြန်တစ်နှစ် ပြီးပြန်ပါပြီ။ မန္တလေးမှာ ကျုံးကို ခြေကန်ပြီး မဏ္ဍပ် အစိတ်သုံးဆယ်လောက်က နာမည်ကြီး အဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ တီးဝိုင်းတွေနဲ့ သီဆိုတီးမှုတ် ရေပက်ကစားပြီးပါပြီ။ ကျုံးထဲက ရေဂါလန်သန်း ၄၀ လောက် ရေပက်ကစားပြီးပါပြီ။ မန္တလေးသင်္ကြန်ရဲ့ စည်ကားခြင်း၊ မစည်ကားခြင်း အခြေအနေဟာ ကျုံးထဲက ရေဂါလန် ဘယ်လောက် အနည်းအများ သုံးစွဲရေပက်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး သုံးသပ်ရလေမလား။ ဟုတ်တယ်လေ။   အခုမန္တလေးသင်္ကြန်ဆိုတာက ရေပက်တဲ့သင်္ကြန်ပဲ မဟုတ်ပါလား။

ဆူးငှက်                                                                                                                                                                                                                                                          Monday, 25 April 2011 13:19

Chop from : Eleven News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s