ထူးအိမ်သင် သို့မဟုတ် ဂီတရာဇဝင်ထဲက သူရဲကောင်း

Posted: August 14, 2011 in Legend
Tags: ,

၈လပိုင်း ၁၄ ရက်ကတော့ မြန်မာဂီတ လောကရဲ့ ကြယ်တစ်ပွင့်ဖြစ်ခဲ့တဲ့ ထူးအိမ်သင်ကွယ်လွန်ခြင်း ၇ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ မြန်မာအဆိုတော်တချို့ ပြည်ပ ဖျော် ဖြေပွဲ တွေသွားတဲ့အချိန်မှာ ကိုယ်ပိုင်သံစဉ် သီချင်းရှားပါးတာမို့ဧရာဝတီအကြောင်း ရေးဖွဲ့ထားတဲ့ထူးအိမ်သင် ရဲ့ ‘ရာဇဝင်ထဲက သတို့ သမီး’ကို မပါမဖြစ် ယူသွားကြရတယ် ဆိုပါတယ်။ အဲဒီလိုဧရာဝတီနဲ့ မြန်မာပြည်ကို မမေ့မလျော့ရအောင် ဂုဏ်ပြုခဲ့တဲ့ထူးအိမ်သင်ကိုလည်း သူကွယ်လွန်ခြင်း နှစ်ပတ်လည်မှာ အခုလို မမေ့ မလျော့ဂုဏ်ပြု လိုက်ရပါတယ်။

လူငယ်တွေ ရဲရဲဝံ့ဝံ့နဲ့ လုပ်သင့်တယ်။ သူတို့မှာ လုပ်ပိုင်ခွင့်တွေ၊ တက်လမ်းတွေ၊ အောင်မြင်မှုတွေအများကြီး ရှိပါတယ် …

by Manson Kit

ကိုရဲလွင်

“ကိုငှက်က အနုပညာသမား စစ်စစ် တစ်ယောက်ပါ။ သူက အချိန်မတန်ဘဲ ကြွေလွင့်သွားခဲ့တယ်။ ဝမ်းနည်းတယ်။ ကိုငှက် (ထူးအိမ်သင်) ရဲ့ “ချစ်ခြင်းအားဖြင့်” တေးစီးရီးဗီစီဒီမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တာက အဲဒီသီချင်းကို စိုင်းခမ်းလိတ်ရေးခဲ့တဲ့ စာသားလေးကလည်း တအား ကောင်းတယ်။ အခွေစထွက်ကတည်းက ကြိုက်တာ။ ဗီစီဒီထွက်ဖို့ စီစဉ်ကြတော့ အဲဒီသီချင်းကို ကိုမီးပွားကရိုက်မယ်ဆိုပြီး သူက ကျွန်တော့်ကိုလာပြောတာနဲ့ ရိုက်ဖြစ်သွားတာ။ သူကကျွန်တော့်အခန်းကို လာကြည့်တယ်။ ကျွန်တော့်နေပုံထိုင်ပုံကို ရိုက်ကူးဖြစ်သွား တယ်။ သရုပ်မဆောင်ဖူးတော့ ဘာလုပ်ရမှန်း မသိဘူး။ ကိုမီးပွားက ပုံမှန်နေသလိုနေလို့ပြောတယ်။ စကားလည်း တစ်လုံးမှ မပြောရဘူး။ ကိုငှက်ကြီးအတွက် အမှတ်တရလည်း ဖြစ်သွားတယ်။ သူ့ရဲ့ ကိုယ်တိုင်ရေးပြီးဆိုခဲ့တဲ့ သီချင်းတော် တော်များကိုလည်း ကြိုက်ခဲ့တယ်။အခု နောက်ပိုင်း မြူးဇစ်ကို စိတ်ပါဝင်စားတဲ့ လူငယ်တွေအနေနဲ့ ကိုငှက်လိုပဲ စိတ်ထဲမှာ ပေါ်လာတဲ့ခံစားချက်အတိုင်းလုပ်ဆောင်စေချင်တယ်။ လူငယ်တွေကို ကြိုးစား ဖို့ပဲတိုက်တွန်းချင်ပါတယ်။ သူတို့အနေနဲ့ မြူးဇစ်ပုံစံမျိုးစုံကို မလုပ်ရဲစရာအကြောင်းလည်း မရှိဘူး။ သူများထက် ထူးချွန်အောင်တော့ လုပ်သင့်တယ်။ လူငယ်တွေ ရဲရဲဝံ့ဝံ့နဲ့ လုပ်သင့်တယ်။ သူတို့မှာ လုပ်ပိုင်ခွင့်တွေ၊ တက်လမ်းတွေ၊ အောင်မြင်မှုတွေ အများ ကြီး ရှိပါတယ်။ အနုပညာကို အနုပညာ စိတ်နဲ့ပဲ လုပ်ကြပါ”။

အကြမ်းဖျင်းခြုံပြောရရင် တော့ လူ့ဂွစာပေါ့။ ပေါင်းရသင်းရခက်တဲ့ လူတစ်ယောက်ပေါ့။ ဒါပေမဲ့….

လူမင်း

“ထူးအိမ်သင်က ကျွန်တော် အကြိုက်ဆုံး အဆိုတော်ပါ။ ကျွန်တော်လေ့လာတဲ့ အနေနဲ့လည်း နားထောင်ကြည့်တော့ ကိုငှက်ရဲ့ သီချင်းအပုဒ်တိုင်းမှာ စကားလုံး မသည်းကွဲတာ တစ်လုံးမှမရှိဘူး။ သီချင်းအမျိုးအစား ဘယ်လိုပဲဆိုဆို နားထောင်တဲ့ပရိသတ်ကို ကွဲကွဲပြားပြားနားလည်စေတယ်။ စကားလုံးတွေရောထွေးသွားတာ၊ လုံးပြီးဘာဆိုလိုက်မှန်းမသိတာမျိုး လုံးဝမရှိဘူး။ အဆိုနဲ့ ပတ်သက်ရင် အစုံရတာ ဆိုတော့ တချို့ဟာတွေ ကျွန်တော်တို့ လိုက်မမီပါဘူး။ သူ့ကို ခရေဇီဖြစ်တဲ့ အရာကတော့ဥပမာကိုယ်နိုင်ငံခြားပဲ ရောက်ရောက်၊ ဘယ်ခရီးစဉ်ပဲရောက်ရောက် သူ့တစ်ကိုယ်တော်ရှိုးလုပ်လို့ကတော့ ရောက်တဲ့နေရာကနေရှိတဲ့အလုပ်ဖျက်ပြီး လာကြည့်မှာလို့တောင် ပြောဖူးတယ်။ အနုပညာအပေါ် သူထားတဲ့စိတ်က၊ ကိုယ်တို့လည်း အနုပညာရှင်တစ်ယောက်ပါပဲ၊ ဒါပေမဲ့ သူ့ကိုလိုက်မမီဘူး။ အဲဒါလေး လေးစားတယ်။ အစ်ကိုသူ့သီချင်းတွေလည်း ဝယ်ဖူးပါတယ်။ သူမရှိတဲ့အခါမှာကိုမြင့်မိုးအောင်တို့ဝိုင်းပြီး စီစဉ်ပေးတော့ သူ့သီချင်းလေးတွေ သုံးရဝယ်ရတာ အဆင်ပြေ တယ်။ သူရှိတုန်းက အဆင်မပြေဘူး။ “ရာဇဝင်များရဲ့ သတို့သမီး”ဆိုရင် သူလုံးဝမရောင်းဘူး။ သူကိုယ်တိုင်ကျွန်တော့်ကိုပြောဖူးတယ်။ဒီလိုသီချင်းမျိုးက သူ့တစ်သက်မှာ နောက်တစ်ပုဒ်မရနိုင်ဘူး။ သူတအားတန်ဖိုးထားတယ်။ ငွေရေးကြေးရေးကြောင့် မဟုတ်ဘူး။ သူတန်ဖိုးထားတဲ့အရာကို ဘယ်လောက်ပေးပေးသုံးခွင့်မပေးဘူး။ သူတအားတန်ဖိုးထားတဲ့ အရာတစ်ခုကို အထိအခိုက်မခံနိုင်ဘူးပေါ့။ ဒါပေမဲ့ အဲဒီသီချင်းက ကိုယ်တို့ရဲ့ မှော်ဝင်ကြိုးမှာ အဆင်ပြေသွားတယ်။ ဘယ်လိုလုပ်လိုက်လဲတော့ မသိဘူး။ အကြမ်းဖျင်းခြုံပြောရရင်တော့ လူ့ဂွစာပေါ့၊ ပေါင်းရသင်းရခက်တဲ့ လူတစ်ယောက်ပေါ့။ ဒါပေမဲ့အနုပညာကို  ချစ်တဲ့နေရာမှာတော့ ရှားပါတယ်။ ကျန်စစ်မင်း ဇာတ်ကားမှာ တုန်းကလည်း သူဆိုမယ်ပြောလိုက်၊ မဆိုဘူးပြောလိုက်။ သူဆိုမယ်ပြောတော့ သူ့ကိုမေးလိုက်တိုင်း ပတ်ပြေးနေတယ်။ အဲဒီသီချင်းကိစ္စကို ပြောလည်း လုံးဝ အတွေ့မခံဘူး။ နောက်ဆုံး မလေးရှားနိုင်ငံက သီချင်းရေးဆရာတစ်ယောက်ကို ဒီကိုခေါ်လာပြီး မိတ်ဆက်ပေးလိုက်တော့မှ နားထင်ကို သွေးဆူသွားတာ၊ သူက အနုပညာသမားအချင်းချင်းဆို တအားလေးစားတယ်။ ကိုယ်ခေါ်လာတဲ့လူကလည်း အရမ်းတော်တဲ့လူပဲ။ အဲဒီလူကို ခေါ်ပေးလိုက်တော့ သူနားထင်ကို သွေးရောက်ပြီး ညတွင်းချင်း သီချင်းအကြမ်းလုပ်တာ။ တစ်ညနဲ့ပြီးသွားတယ်။ သူစဉ်းတော့ စဉ်းစားထားပြီးသားပေါ့နော်။ သူ့လို လူမျိုးတွေလည်း အများကြီးပေါ်လာစေချင်ပါတယ်၊ နှမြောစရာကြီး ပြန်မရတော့ဘူး။ တော်တော်နှမြောဖို့ ကောင်းပါတယ်”။

ဦးငှက်ကြီးရဲ့    ‘အမေ့အိမ် ‘  အမ်တီဗီထဲမှာ ကလေးလေး တစ်ယောက် အရုပ်ပူဆာ နေတာ ပါတယ်။  အဲဒါကျွန်တော်ပဲ . . . .

မိုးအောင်ရင်

“အဖေနဲ့ ဦးငှက်ကြီးက သူငယ်ချင်းလည်း ဖြစ်တယ်။ ဆရာတပည့်ဆိုလည်း မမှားဘူး။ သိပ်ရင်းနှီးကြတယ်။ ဦးငှက်ကြီးက အိမ်မှာ  ၃-၄နှစ်လောက်အထိ အကြာကြီးနေသွားတာ။ အရမ်းခင်တော့ ကိုယ့်ရဲ့ ဦးလေးတစ်ယောက်လိုဖြစ်နေတာ။ ကျွန်တော့်အသက် ၂နှစ်မှာ ဦးငှက်ကြီးရဲ့ “အမေ့အိမ်” အမ်တီဗီထဲမှာ ကလေးလေးတစ်ယောက် အရုပ်ပူဆာနေတာပါတယ်။ အဲဒါကျွန်တော်ပဲ။နောက်အဖေ့ရဲ့ အမ်တီဗီ “လှေကလေးကိုလှော်မည်”ထဲမှာ ကျွန်တော် နဲ့ညီမလေးပါဖူးတယ်။ ကျွန်တော် ၁၂နှစ် လောက်မှာပေါ့။ အဲဒါကသူမြှောက်ပေးတာကြောင့် ကျွန်တော်တို့ရိုက်ရတာ။ အခု ကျွန်တော်မင်းသားဖြစ်လာတာတောင်မှ ဦးငှက်ကြီးက အဖေ့ကို မင်းရဲ့သားကို လုပ်ပေးလိုက်ပါလို့ပြောခဲ့တာ။ ကျွန်တော့်ရဲ့ အိပ်မက်ကြီးကို ထောက်ပံ့ပေးခဲ့တာ သူတစ်ယောက်ပဲရှိတယ်။ အဖေရော၊ အမေရောက မင်းသားမလုပ်ရဘူး။ ကျောင်းပြီး အောင်တက်၊ နိုင်ငံခြားသွားပြီး ကျောင်းတက်ရမယ်။ ပြီးမှလုပ်ချင်တာလုပ်လို့ပြောတာ။ ဦးငှက်ကြီးကလုပ်တဲ့၊ အဖေတို့မလုပ်ပေးရင် မင်းကိုငါ ပိုက်ဆံ ထုတ်ပေးမယ်လို့ ပြောတယ်။ အဲဒါကြောင့် ဦးငှက်ကြီးကို ကျွန်တော်တအားခင်မင်ပြီး တွယ်တာခဲ့တာ။ ဦးငှက်ကြီးက သီချင်းဆိုလည်းပညာရှင်၊ အကုန်ပြည့်စုံတဲ့သူတစ်ယောက်ပါ။ သူ သီချင်းရေးတာကလည်း သူဆိုတဲ့ဆိုပေါက်လိုမျိုး တခြားတစ်ယောက်လိုက်ဆိုဖို့ဆိုတာ  တော်တော်မလွယ်ဘူး။ သူကိုယ်တိုင်မသင်ပေးရင် အဲဒီသီချင်းက သူဆိုတဲ့ ပုံစံမျိုးလုံးဝမရဘူး။ သူလိုချင်တဲ့ ပုံစံမျိုးဖြစ်လာမှာမဟုတ်ဘူး။ ဒီဟာက မွေးရာပါ ကျွမ်းကျင်မှုတစ်ခုပေါ့။ ဦးငှက်ကြီးကကျွန်တော်လေးစားရတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်။ ဦးငှက်ကြီးက ကျွန်တော့်ကို ငယ်ငယ် လေးထဲက သွန်သင်ဆုံးမခဲ့တာလေ”။

ကျော်မြင့်လွင်ဆို တဲ့ ဘဝထဲက ခင်လာခဲ့ကြတာပါ။ အစ်မတို့ အတူတူစား၊ အတူတူသွားလာခဲ့ရတဲ့ ခရီးတွေ လည်း …

မေခလာ

“ကိုငှက်နဲ့ရှိခဲ့တဲ့ အမှတ်တရတွေက တော့ အများကြီးပါပဲ။ အစ်မက သူ့ကို ကျော်မြင့်လွင်ဆိုတဲ့ ဘဝထဲက ခင်လာခဲ့ကြ တာပါ။ အစ်မတို့ အတူတူစား၊ အတူတူသွား လာခဲ့ရတဲ့ ခရီးတွေလည်း အများကြီးပါပဲ။ အစ်မချက်တဲ့ ဝက်သားနဲ့ တညင်းသီးကို သူအရမ်းကြိုက်ခဲ့တာ ဘယ်တော့မှမမေ့ နိုင်ပါဘူး”။

“ကိုငှက်က ထမင်းစားရင် နည်းနည်းလောက်ပဲစားတယ်။ အဲဒီလောက်နည်းနည်းစားတဲ့သူက အစ်မတို့အိမ်ကချက်တဲ့ ဝက်သားနဲ့ ဒညင်းသီး ချက်တဲ့ဟင်းနဲ့စားရင် ထမင်းတစ်ပန်ကန်အမောက် ကုန်သွားတယ်။ အဲဒီတော့သူကအမြဲမေးတယ်။ ဝက်သားနဲ့ဒညင်းသီး ဘယ်တော့ချက်မလဲဆိုတာလေ။ အဲဒါတွေက အမှတ်တရတွေပဲပေါ့။ အစ်မတို့ သထုံကို ဖျော်ဖြေရေးသွားတုန်းကပေါ့။ ဒက်ဆန်းကားကြီး တွေနဲ့ သွားရတာလေ။ အခုခေတ်ကားတွေလိုအဲယားကွန်း တွေဘာတွေလည်းမရှိဘူး။ ဖုန်တစ်လုံးလုံးနဲ့ ပေါ့။ လမ်းခုလတ်ရောက်တော့ ကိုငှက်က အစ်မကိုဟဲ့ မငယ်တဲ့ ငါတို့ထန်းရည် သောက်ရအောင်တဲ့။ အစ်မက သောက်တော့သောက်ချင်တယ်။ မူးလားလို့မေးတော့ မမူးပါဘူးဟာလို့ပြောတော့ အစ်တို့ ထန်းရည်သောက်ခဲ့တာတွေက အမှတ်တရပေါ့။ ကိုငှက်က အရမ်းစတတ်၊ နောက်တတ်၊ ပျော်တတ်တယ်။ ဒါလေးတွေက အစ်မမျက်စိထဲမှာ စွဲနေခဲ့တယ်။ အစ်မတို့က အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းတွေပါ။ အထူးသဖြင့် မကော်နီ၊ ကိုအောင်ရင်၊ ကိုထူးအိမ်သင်၊ အစ်မတို့ တွေက တစ်တွဲတွဲပဲလေ။ ကိုငှက်ရဲ့ သီချင်း တွေက အရမ်းကောင်းတယ်။ သူ့သီချင်းတွေ ထဲက အမေ့အိမ်၊ ချစ်သူ့လက်ဆောင်၊ ဂျက် ဆင်ထိပ်က လရိပ်ပြာ အဲဒီသီချင်းတွေကို အစ်မအရမ်းစွဲလမ်းခဲ့ရတယ်။ အစ်မရဲ့ချစ်သူ လက်ဆောင်ဆိုတဲ့ အခွေကို ကိုငှက်ကိုယ်တိုင် စီစဉ်ပေးခဲ့တယ်။ ဒီသီချင်းလေးကို သူကိုယ် တိုင်ပဲဟာမိုနီလိုက်၊ သူကိုယ်တိုင်ပဲဘယ်လိုဆို ဆိုပြီးပြောပေးခဲ့တာလေ။ အစ်မသူရေးတဲ့သီချင်း ၁၃ပုဒ်လောက် ဆိုခဲ့ဖူးတယ်။ ချစ်သူ့ လက်ဆောင်သီချင်းက အစ်မဆိုပြီးတော့ သူပြန်ဆိုတယ်။ ကိုငှက်ရဲ့အသံက သူများတွေနဲ့မတူဘူး။ အရမ်းကိုထူးခြားတယ်။ သူ့က လျှာဖျားလေးနဲ့ ဆိုတာလို၊ လျှာလိပ်သံလေးနဲ့ ဆိုတာလိုလို ပါးပါးလေးနဲ့ကောင်းတဲ့အသံပေါ့။ ကိုငှက်က ဂီတအပေါ် အရမ်းရူးသွပ်တယ်။ဒါပေမဲ့ သူက အနုပညာနဲ့ပတ်သက်ရင်  အရမ်းမာနကြီးတယ်။ သူစိတ်ပျော်ရင် ဆိုတယ်။ သူစိတ်မပျော်ရင် သူ့ကို ပိုက်ဆံဘယ်လောက်ပေးပေးသူမဆိုဘူး။ အဲဒီလိုလူမျိုးဖြစ်တဲ့အတွက်ကြောင့် အရမ်းကိုလေးစား ထိုက်တယ်။ သူ့ကို အစ်မအရမ်းနှမြောတယ်။  သူ့လိုလူမျိုးတွေလည်း အများကြီးထပ်ပေါ် စေချင်တယ်။ ထပ်ပေါ်ပါစေလို့လည်း အစ်မ ဆုတောင်းပါတယ်”။

ချစ်ခဲ့လို့လွမ်းနေကြတာ ပြီးတော့ တန် ဖိုးထားခဲ့လို့ နှမြောတသဖြစ်နေတာပေါ့။

အောင်အောင် (ထူးအိမ်သင်ညီ)

ကိုလေးကို အမှတ်တမဲ့မဖြစ်ခဲ့လို့ အမှတ်တရရှိနေကြတာ၊ ချစ်ခဲ့လို့လွမ်းနေကြတာ၊ ပြီးတော့ တန်ဖိုးထားခဲ့လို့ နှမြောတသ ဖြစ်နေတာပေါ့။ချစ်ခြင်းမေတ္တာနဲ့ဥာဏ်ပညာသာ၊ ဘဝမှာအရေးအကြီးဆုံး၊ အမျှော်လင့်ဆုံး ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာကို အကြောင်းပြု၍ အသက်ရှင် နေထိုင်ရသောအချိန်သာ ထူးအိမ်သင်ဘဝအတွက် အဓိပ္ပာယ်အရှိဆုံးလို့ရေးခဲ့တဲ့ ကိုလေးတစ်ယောက် ကွယ်လွန်ခဲ့တာ (၇)နှစ်တောင် ပြည့်ပြီလေ။ အမှတ်တရ နဲ့လွမ်းနေဆဲ၊နှမြောတသဖြစ်နေဆဲပါကိုလေးရယ်။

ထူးအိမ်သင်က ကျွန်တော့်အတွက်တော့ အမြဲတမ်းအမှတ်ရနေမှာပါ။

ဆရာသိန်းတင်သား

ကျွန်တော်တို့ ကျောင်းတက်တုန်းက သူကတအားအေးတဲ့သူ၊ သူ့ဘာသာနေတဲ့သူ နောက်ကျတော့လည်း ထူးအိမ်သင်ဖြစ်လာတော့ နဂိုနဲ့မတူတော့ဘူးပေါ့။ ကျွန်တော်က သူ့သီချင်းတစ်ပုဒ်ပဲ ရေးပေးတာပါ။ သူက အောင်ရင်ကိုပေးဆိုတာ၊အောင်ရင်နဲ့ အယ်လ် ခွန်းရီဆိုရမှာကိုသူက အယ်လ်ခွန်းရီနေရာမှာ ခဏဝင်ဆိုပေးတာ။အဲဒီတစ်ပုဒ်တည်းပါ။ အခုအင်တာနက်မှာတော့ ထူးအိမ်သင်နေ့ လုပ်တယ်လို့ကြားတာပဲ။ ကျွန်တော်ကတော့ အဲဒီလိုလုပ်ရင် ဝိုင်းကူရမှာပေါ့။ ထူးအိမ်သင် ကကျွန်တော့်အတွက်တော့ အမြဲတမ်းအမှတ် ရနေမှာပါ။ သူက အရမ်းတော်တဲ့သူတစ် ယောက်ပါ။

ရှေ့ဆောင်လမ်းပြ လုပ်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်လို့မြင်ပါတယ်

ရဲတိုက်

”လူမှန်းစပြီး သိတတ်စ ကိုငှက်သီချင်း တွေနားထောင်ကတည်းက သူနဲ့ပတ်သက်ရင် အကောင်းမြင်တယ်။ စိတ်ထဲမှာ အလိုလိုနေ ရင်းအထင်ကြီးတယ်။ ကိုထူးအိမ်သင်ကို အပြင်မှာတော့ မတွေ့ဖူးလိုက်ဘူး။ သူ့ကို ဓာတ်ပုံတွေထဲမှာပဲ မြင်ဖူးခဲ့ပါတယ်။ ကျောင်းသားဘဝကတည်းက သီချင်းတွေကို စိတ်ထဲမှာ လိုက်ပြီးသဘောကျနေခဲ့တာပါ။ ကိုထူးအိမ်သင်ရဲ့ ‘ရာဇဝင်ထဲက သတို့သမီး’ တို့၊ ‘လေလွင့်ခြင်းလမ်းများ’ တို့ကို ကြိုက်ခဲ့ တယ်။ သူကအနုပညာအပေါ် ဘယ် လောက်ထိ နှစ်သက်လဲဆိုတာကို ရှေ့ ဆောင်လမ်းပြ လုပ်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်လို့မြင်ပါ တယ်”

အခုကိုငှက်ရဲ့ ‘ချစ်ခြင်းအားဖြင့်’ အခွေကို နားထောင်ဖြစ်တယ်။

ဇူးမြတ်ထက်

”ကိုငှက်ကြီးနဲ့က ပထမအခွေလုပ်တုန်းက မန္တလေးစတူဒီယိုမှာ ဆုံဖူးတယ်။ ဂီတအပေါ် သူဘယ်လောက်မြတ်နိုးလဲဆိုတာတွေ့တော့ အရမ်းအံ့သြမိတယ်။ ကိုယ်လုပ် နေတဲ့ ဂီတနဲ့ပတ်သက်ပြီး ဘာမှမဟုတ် သလိုဖြစ်မိတယ်။ အဲဒီချိန်မှာ အသိတစ်ခု ရလာတာက မြူးဇစ်နဲ့ပတ်သက်လာရင် အများကြီးလေ့လာရဦးမယ်ဆိုတာ ရလိုက် တယ်။ ကိုငှက်ကြီးက ဂီတတစ်ခုလုပ်နေတဲ့ အချိန်မှာ သူ့ဘေးနားမှာ ဘာပကာသနမှ မတွေ့ရဘူး။ တစ်ယောက်တည်းတွေ့ရ တတ်တယ်။ သူကိုယ်တိုင်က မြူးဇစ် အပေါ် သိပ်ကိုတန်ဖိုးထားပြီး ကြိုးစားတယ်။ အမြဲတမ်း လေ့လာတယ်။ ကိုငှက် သီချင်းတွေကိုတော့ လူမှန်းစသိတဲ့ အချိန် လောက်ကတည်းက ရင်းနှီးလာခဲ့တာပါ။ သီချင်းတိုင်းကိုလည်း သဘောကျတယ်။ အမေနဲ့ပတ်သက်တဲ့ သီချင်းဆို တော်တော် လေးပေါက်ခဲ့တယ်။ အခုကိုငှက်ရဲ့ ‘ချစ် ခြင်းအားဖြင့်’ အခွေကို နားထောင်ဖြစ်တယ်။

လင်းအက္ဓရာ၊ မေမွန်မောင်၊ ခိုင်ဝေလွင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s