ဂျုံရုပ်လုပ်သူ တစ်ယောက်အကြောင်း

Posted: September 23, 2011 in Uncategorized
Tags: , ,

‘လိုချင်တဲ့အရုပ်ကို ပြောလုပ်လို့ ရပါတယ်။ မမြင်ဖူးပေမယ့်လည်း ဓာတ်ပုံပြရင် ရအောင် လုပ်ပေးနိုင်ပါတယ်’

ကလေးများ ၀ိုင်းအုံနေသည့် ကြားမှ လက်က အရုပ်များလုပ်ရင်း ပြန်ဖြေသည်။ လက်မှဘီး၊ ဆံထိုး ပုံပိုက်ချောင်း၊ ဓားနှင့် ကပ်ကြေးတို့ကို အသုံးပြု၍ လိုချင်သော အရုပ်ရအောင် ပုံဖော်နေရင်း ပါးစပ်မှလည်း လာဝယ်သူကလေးငယ်များ မပျင်းရလေအောင် အရုပ်များ၏ ဇာတ်ဝင်ခန်းများ ကို ပြောပြနေသေးသည်။

သူ၏ လက်တို့သည် ဂျုံကို ဘီး၊ ကပ်ကြေး၊ ဆံထိုးပုံပိုက်တို့ဖြင့် အရုပ် လုပ်နေသည်မှာ အနုပညာမြောက်သည်။ ပြုလုပ်ရသည်မှာလက်ဝင်သလို ရုပ်လုံးပေါ်လာသော အရုပ်များမှာလည်း အသက်ဝင်လှသည်။

ထိုဂျုံရုပ် ပြုလုပ်ရောင်းချသူများ မှာ ယနေ့ခေတ်တွင် နည်းပါးသွားပြီ ဖြစ်သော်လည်း လက်မှုအနုပညာ အဖြစ်တော့ ရပ်တည်လျက်ရှိနေသေးသည်။ ကလေးများက အရုပ်လိုချင် ၍ ၀ယ်ကြသည်။ လူကြီးများ က ဂျုံ ကို လက်ဖြင့် အရုပ်ပြုလုပ်သည့်ပညာ ကို သဘောကျ၍ ၀ယ်ယူကြဆဲဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသား ခရီးသွားများက တွေ့လျှင်လည်း သဘောကျ ၀ယ်ယူလေ့ရှိကြောင်း သိရသည်။


အတန်းပညာမတတ်တော့ လက်မှုပညာတစ်ခုတော့ တတ်ထားရမှာပေါ့။ စလုပ်တတ်စတုန်း ကတော့ ရောင်းရမှာရှက်တယ်။ ဒါပေမယ့် မိသားစု စားဝတ်နေရေးအတွက် ဆိုတော့လည်း မရှက်နိုင်တော့ပါဘူး။ နောက်တော့ ပျော်လာတယ်။ ကလေး တွေက အရုပ်တွေရရင်သူတို့ ပျော်ကြတယ်လေ။ ကလေးတွေပျော်ရင် ကျွန်တော်လည်း ပျော်တယ်။


‘‘ဒီအရုပ်တွေကို အများစုက ဂျုံနဲ့ လုပ်တယ်လို့သိထားပေမယ့် အဓိက ကတော့ ကောက်ညှင်းနဲ့ဆန်ကို အချိုးအစားကျကျ ရောစပ်ပြီး လုပ်ထားတာပါ။ ဂျုံကတွဲတော့ လိုသလို ပုံသွင်းလို့ မရဘူးလေ။ အရုပ်တွေ ကြာကြာခံအောင်တော့ ဘန်ဇိုင်း ထည့်ပြီး လုပ်ထားပေမယ့် ကလေးတွေစားမိရင်လည်း ဘာအန္တရာယ်မှ မရှိပါဘူး။ တခြားသေစေလောက်တဲ့ ပစ္စည်း လည်း ဘာတစ်ခုမှ မထည့်ထားပါဘူး’’ ဟု ဆိုပါသည်။

ရန်ကုန်မြို့ရှိ ကလေးအများစုရှိသည့် ရပ်ကွက်၊ ကျောင်း၊ လမ်းများ သို့ ရွေးချယ်သွားရင်း မိမိတတ်သော အရုပ်လုပ်သည့် ပညာဖြင့် မိသားစု စားဝတ်နေရေးအတွက် အသက်မွေး ၀မ်းကျောင်းပြုနေသူ ကိုဇော်လင်းမှာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဦးမြကျေးရွာတွင် နေထိုင်သူဖြစ်သည်။ သူသည် မိသား စုငွေကြေး အခက်အခဲကြောင့် အတန်း ပညာကို ပဉ္စမတန်းအထိသာ သင်ကြားနိုင်ခဲ့သည်။

သူသည် ဂျုံအရုပ်လုပ်အတတ်ပညာကို အသက် ၁၃ နှစ်ကတည်းက ဆရာသမားများနှင့် သူ၏အစ်ကိုများ ထံမှ ထိုပညာကို ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

‘‘ဒီလိုပါပဲ၊ အတန်းပညာမတတ်တော့ လက်မှုပညာတစ်ခုတော့ တတ်ထားရမှာပေါ့။ စလုပ်တတ်စတုန်း ကတော့ ရောင်းရမှာရှက်တယ်။ ဒါပေမယ့် မိသားစု စားဝတ်နေရေးအတွက် ဆိုတော့လည်း မရှက်နိုင်တော့ပါဘူး။ နောက်တော့ ပျော်လာတယ်။ ကလေး တွေက အရုပ်တွေရရင်သူတို့ ပျော်ကြတယ်လေ။ ကလေးတွေပျော်ရင် ကျွန်တော်လည်း ပျော်တယ်။ တချို့မိဘ တွေကြတော့လည်း နှိမ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအရုပ်လုပ်ပြီး လုပ်စားလို့ မချမ်းသာဘူး၊ ဆင်းလည်း မဆင်းရဲဘူး။ ဒါပေမယ့် စိတ်တော့ ချမ်းသာတယ်။ မိသားစု စားဝတ်နေရေးတော့ ဖူလုံပါတယ်။ တစ်နေ့ကို မရောင်းရဘူးဆိုရင် ကျပ် ၃၀၀၀ က နေ အများဆုံး ၁၀၀၀၀ လောက်အထိ ရောင်းရတာမျိုးရှိပါတယ်။ အခုဆိုရင် ကျွန်တော့်မိဘတွေကို တစ်ဖက်တစ်လမ်းက ပြန်ထောက်ပံ့ပေးနိုင်နေပါ ပြီ’’ဟု သူ၏အကြောင်းကို ပြန်ပြောပြ သည်။

ဆက်လက်၍ အရုပ်ရောင်းချရ ပုံနှင့်ပတ်သက်၍ ‘‘လျှောက်သွားရင်း စိတ်ကူးထဲမှာ ပေါ်လာတဲ့နေရာမှာ ရောင်းပါတယ်။ ပိုက်ဆံများများရမယ်လို့ ထင်တဲ့နေရာကို အဓိကသွား ပါတယ်။ မြို့တွင်းနဲ့ ဆင်ခြေဖုံးကတော့ အနည်းနဲ့အများ ကွာပါတယ်။ မြို့တွင်းဆိုရင် ၃၀၀ လောက်ကနေ အရုပ်အလိုက် ဈေးမြှင့်ရောင်းရတယ်။  ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ ၅၀ ၁၀၀ လောက်မှ ယူတယ်။ ဒီလိုပါပဲ အများဝယ်နိုင်တဲ့ ဈေးတော့ ရောင်းရ တာပေါ့’’ဟု ဆိုပါသည်။

တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ မှ ကလေးကစားစရာများ ပေါများစွာ ၀င်ရောက်လာသော်လည်း ဤ ဂျုံအရုပ်လုပ်သည့် ပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းထားရပုံကို လည်း ‘‘ဒီပညာရပ်က လက်မှုပညာ ရပ်တစ်ခုပါ။ စိတ်ကူးလည်း ဆန်းသစ်ရတယ်။ တီထွင်မှုလည်း ရှိရတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ကစားစရာပစ္စည်းတွေ ၀င်လာလည်း ကျွန်တော်တို့အနေနဲ့ ဒီပညာရပ်ကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်း  ထားနိုင်တယ်။ ဒါပေမယ့် လုပ်တတ်တဲ့သူနဲ့ လုပ်ရောင်းတဲ့သူကတော့ အရင်ကထက် အများကြီးနည်းသွားပြီ’’ ဟု ပြောပါသည်။

ယခုနောက်ပိုင်းတွင် တီဗီဇာတ်လမ်းတွဲများမှ နိုင်ငံခြား ကာတွန်း ဇာတ်ကောင်များဖြစ်သော ဘန်တန်း၊ အဗာတာ၊ ပါဝါရိန်းဂျား၊ ကွန်ဖူးပန်ဒါ စသည့် အရုပ်များကိုပါ ပြုလုပ်ရောင်း ချရပြီး မွေးနေ့ပွဲများတွင်လည်း လိုက်လံ ပြုလုပ်ပေးလာရသည်ဟုလည်း ကိုဇော်လင်းက ပြောပါသည်။

ဘ၀ကို နည်းမျိုးစုံဖြင့် ရုန်းကန်လှုပ်ရှားနေကြရသော လူ့ဘောင်အဖွဲ့အစည်း အတွင်းတွင် ထိုဂျုံရုပ်လုပ်သူ သည်လည်း သူ၏ တတ်သော ပညာရပ်တစ်ခုဖြင့် သမ္မာအာဇီဝရှိစွာ ရပ်တည်နေသည်နှင့် ပတ်သက်၍လည်း ကိုဇော်လင်းက ‘‘ဘယ်သူ့ပစ္စည်းမှ မခိုးဘူး။ ဘယ်သူ့ကိုမှလည်း မစော်ကားဘူး။ ဘယ်သူ့ကိုမှလည်း နစ်နာအောင် မလုပ်ဘူး။ ကျွန်တော်တတ်တဲ့ ပညာတစ်ခုနဲ့ ကိုယ့်မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေတယ်။ အခုခေတ်မှာက အတန်းပညာ တတ်ထားရင်တောင် သူများဆီမှာ အလုပ်ရဖို့ ခက်တယ်။ အခု ကျွန်တော်တတ်ထားတဲ့ ပညာကကလေးတွေ ရှိသ၍ ကောင်းနေမှာပဲ။ တခြားအရုပ်တွေက ဘယ်အချိန်မဆို လုပ်နိုင်တယ်။ လက်ထဲ  ဂျုံရောက်သွားတာနဲ့ အရုပ်ဖြစ်အောင် လုပ်နိုင်တော့ စိတ်ဝင်စားကြတယ်။ သူဟာနဲ့သူ စိတ်ဝင်စားကြပါတယ်။ ဘယ်လိုလေးဖြစ်လာမလဲဆိုတာ စိတ်ဝင်စားကြတာပါ’’ဟု သူ၏  အလုပ် အပေါ် သူ၏အမြင်ကို ပြောပြသည်။

သို့ရာတွင် မိုးရာသီတွင် ရာသီဥတု အခြေအနေကြောင့် အရောင်းပါးသည့် ရက်များရှိကြောင်း၊ ထိုနေ့ များတွင် ၀င်ငွေရရှိနိုင်ရေးအတွက် အခြားလုပ်ငန်းကို ပြောင်းရွှေ့လုပ်ကိုင်ရကြောင်းနှင့် သူ၏ အခြားအလုပ် တစ်ခုမှာ ကြည့်မြင်တိုင်မြို့နယ်ဘက် မှ သူနေထိုင်ရာ တစ်ဖက်ကမ်း ဦးမြရွာ ဘက်သို့ သဗ္ဗာန်ခတ်ခြင်းဖြစ်ကြောင်း လည်း ပြောပါသည်။

မည်သို့ပင်ဖြစ်စေ သူ၏ အလုပ် သည် သူ၏ ဘ၀ဖြစ်သည်။ သူ၏ မိသားစုလည်းဖြစ်သည်။ ‘‘မိသားစု စားဝတ်နေရေးအတွက် ဒီလုပ်ငန်းကို လုပ်နိုင်နေသေးသရွေ့ လုပ်နေရဦးမှာပါလို့’’ ဆိုသည့်သူ့အတွက်  ဘ၀နှင့် မိသားစု စားဝတ်နေရေးအတွက် ဆက်လက်လုပ်ကိုင်နေဦးမည်သာ . . . ။

VIA:Eleven news journal

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s