ပွဲစီစဉ်သူများနှင့် ပွင့်လင်းရာသီ

Posted: October 2, 2011 in Interview, Uncategorized
Tags: ,

ဝါလကင်းလွတ် သီတင်းကျွတ် ဆိုတဲ့အတိုင်းပါပဲ။ သီတင်းကျွတ် အချိန်သမယဟာ မိုးလေများကင်းစင်စ အချိန်အခါလည်း ဖြစ်သလို မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း မီးထွန်းပွဲကအစပြုကာ ကျင်းပမည့် ပွဲတော်နေ့ရက်များက လစဉ်နှင့်အမျှ စီတန်းလျက် ရှိနေပါတယ်။ ဒီလိုချိန်မှာ သဘင် အနုပညာရှင်တွေကလည်း ဇာတ်ပွဲတွေကို နွှဲပျော်ကြမှာဖြစ်သလို ဂီတဘက်က အဆိုတော်များမှာလည်း ပွဲတော်ရက်များအတွက် ပြင်ဆင်နေကြချိန် ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် ပွင့်လင်းရာသီအတွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပွဲတော်များနဲ့ပတ်သက်ပြီး စီစဉ်သူတွေကိုတွေ့ဆုံမေးမြန်းတဲ့အခါ သူတို့တွေက ၂၀၁၁-၁၂ ရာသီမှာ ဒီလိုတွေထူးခြားအောင် စီစဉ်ထားပါတယ်တဲ့ . . .


IRON CROSS တီးဝိုင်းနှင့် ၂၀၁၁-၁၂ အစီအစဉ်

ကိုဖိုးဇော် (Bagan Entertainment)

မေး- ဒီနှစ်ပွင့်လင်းရာသီမှာ Bagan Entertainment အနေနဲ့ ဘယ်လိုပုံစံနဲ့ စတင်ပွဲထွက်ဖို့ စီစဉ်ထားပါသလဲ . . .
ဖြေ အောက်တိုဘာလ ၁၅ ရက် နေ့မှာ မျှော်စင်ကျွန်းမှာ ပွဲရှိပါတယ်။ ဒါကဒီနှစ်ရဲ့ပထမဆုံးဖျော်ဖြေပွဲပါ။ ၂၉ ရက်နေ့မှာ မန္တလေးမှာပွဲလုပ်မယ်။ ပြီးရင်မြို့ကြီးတွေ သွားမယ်။ ထူးထူးခြားခြား အနေနဲ့ မြိတ်၊ သူဌေးကျွန်း၊ ကော့သောင်း၊ မိုးကုတ်၊ မိတ္ထီလာ စတဲ့မြို့တွေကိုပါ တိုးချဲ့ဖျော်ဖြေဖို့ရှိပါတယ်။

မေး – အဆိုတော်တွေကိုရော ပုံမှန်လေးဦးအပြင် ဘယ်သူတွေကို ထပ်အားဖြည့်ဖို့ ရည်ရွယ်ထားပါသလဲ . . .
ဖြေ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း နဲ့ လင်းလင်းပါ။ ဒါက Bagan Entertainment အနေနဲ့ စီစဉ်မယ့်ပွဲတွေ ကို ဒီလိုတင်ဆက်ဖို့ စီစဉ်ထားပါတယ်။ တခြားနယ်ပွဲ ကန်ထရိုက်တွေ စီစဉ်မယ့်ပွဲဆိုရင်တော့ တစ်မျိုးပေါ့။

မေး – မနှစ်က လုပ်ခဲ့တဲ့ ရှိုးပွဲတော်တော်များများမှာ ၀င်ကြေးမြင့်တာတွေ့ရပါတယ်။ ဒီနှစ်မှာရော ၀င်ကြေးနှုန်းထားတွေကို အကြမ်းဖျင်း ဘယ်လို သတ်မှတ်ထားပါသလဲ . . .
ဖြေ ဟုတ်ပါတယ်။ ဒီနှစ်မှာတော့ အပြင်စပွန်ဆာတွေနဲ့ ညှိနှိုင်းလုပ်ဆောင်မှုတွေ ရှိပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းပြပြီး ၀င်နိုင်တဲ့ ပွဲမျိုးတွေ၊ ပရိုမိုးရှင်းပွဲတွေလည်းလုပ်ဖို့ ညှိနှိုင်းနေပါတယ်။

မေး – ရှိုးပွဲတင်ဆက်မှုပုံစံတွေနဲ့ ပတ်သက်ပြီး ဘယ်လို Plan တွေ ဒီနှစ်မှာ အကောင်အထည် ဖော်ဖို့ ရှိပါသလဲ . . .
ဖြေ သီချင်းတွေအနေနဲ့က အသစ်တွေ ဖျော်ဖြေကြမယ်။ အခုလုပ်ဖို့ ပြောနေတဲ့ Program တစ်ခုကတော့ IC မတိုင်ခင် New Generation တွေထဲက တကယ့်လုပ်ကိုင်ပြီး ပါရမီရှိတဲ့လူငယ်အဖွဲ့တွေကို နာရီဝက် ဖျော်ဖြေမယ့် အစီအစဉ်ကိုထည့်ဖို့ပါ။

မေး- ၂၀၁၁-၁၂ ခုနှစ်မှာ IC အဖွဲ့တင်ဆက်မှု ကိုပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် … . .
ဖြေ ဈေးနှုန်း သက်သက်သာသာနဲ့ ပွဲတွေ အားပေးနိုင်မှာ ဖြစ်ပါတယ်။

ဘိုဘိုအင်တာတိန့်မန့်

ကိုဘိုစန်း

မေး – ဒီနှစ်ပွင့်လင်းရာသီရောက်ရင် အစီအစဉ်သစ်တွေရှိတယ်လို့ ပြောခဲ့ပါတယ်။ ဘိုဘိုအင်တာတိန့်မန့်ရဲ့ ယခုနှစ် ပွင့်လင်းရာသီ အစီအစဉ်ကဖြေ အောက်တိုဘာလ ၁၂ ရက်နေ့ မှာ သီတင်းကျွတ်ပွဲ၊ နောက် တန်ဆောင်တိုင်၊ နယူးရီးယား၊ Valentine စတဲ့ပွဲတွေ စီစဉ်ထားတယ်။ ဟစ်ဟော့ပ်သီးသန့်လည်း ရှိသလို ရော့ခ်သီးသန့်ပွဲတွေလည်း ရှိတယ်။ အဲဒီ နှစ်မျိုးပူးပေါင်းပြီးလည်း လုပ်မယ်။

မေး – ရှိုးပွဲတွေမှာသီဆိုတဲ့ ရှိုးအဆိုတော်တွေ ဆိုတာကလည်း ဒီလူ ဒီလူဆိုတာမျိုးတွေ ဖြစ်နေတော့ ပွဲတော်နေ့တွေအတွက် အဆိုတော်တွေ ကို ဘယ်လိုပြင်ဆင်လဲ . . .
ဖြေ ကျွန်တော်တို့တွေလည်း တခြား Entertainment တွေလိုပါပဲ တနှစ်လုံးလက်တွဲမယ့် အဆိုတော်တွေနဲ့ စာချုပ်တွေရှိပါတယ်။ ဥပမာ ဒီပွဲမှာ စိုင်းစိုင်း၊ ရဲလေး၊ ရသနဲ့ တခြား ဘယ်သူဆိုတာမျိုးတွေ၊ နောက်ပွဲမှာ J-Me ၊ ဂျောက်ဂျောက်နဲ့ဘယ်သူ အဲလိုမျိုးတွေ တစ်ပွဲနဲ့တစ်ပွဲ အနေအထားကြည့်ပြီး ပွဲထုတ်ပါတယ်။

မေး – ဘိုဘို အင်တာတိန့်မန့်ရဲ့ တင်ဆက်မှုအပိုင်း နဲ့ ပတ်သက်ပြီးပြောပါဦး . . .
ဖြေ ဒီနှစ်မှာ ရန်ကုန်တင်မဟုတ်ဘဲ။မန္တလေး၊ ပုသိမ် အပါအ၀င်မြို့ကြီး တွေမှာလုပ်မယ်။ အဆိုတော်ကတော့ ရန်ကုန်လိုတော့ အများကြီး မလုပ်နိုင်ဘူး။ ၃၊၄ ယောက် လောက်နဲ့စီစဉ်ဖို့ရှိတယ်။နောက် တစ်ချက်က ကျွန်တော်တို့ သီဆိုမှုသာ မဟုတ်ဘဲ Lighting ၊ အသံ စနစ်ကအစ အသေအချာလုပ်တယ်။ ပွဲအစအဆုံး လျှပ်စစ်တောင်မသုံးဘဲ မီးစက်နဲ့ပဲလုပ်တယ်။ အဲဒါက ပရိသတ်ရဲ့ပွဲအပေါ်ရှိနေတဲ့ Mood အပြည့်အ၀ ရဖို့ပါပဲ။

မေး – Bo Bo Entertainment ရဲ့ ဒီနှစ် ပွင့်လင်းရာသီကစပြီး လုပ်ဆောင်မှုတွေကို သုံးသပ် ပြပါဆိုရင် . . .
ဖြေ ကျွန်တော်တို့ ပွင့်လင်းရာသီက စပြီး စုစုပေါင်းပွဲ ရှစ်ပွဲလုပ်မယ်။ ဒီထက်ပိုလုပ်ဖို့လည်း အဆင်မပြေနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် ပွဲတွေအတွက် အသစ်တွေလည်း မွေးထုတ်ပေးရဦးမယ်။ အဲဒီအတွက် သူတို့က ခွေထွက်ဖို့လိုအပ်တယ်။ ဒါကြောင့် ဒီနှစ်မှာ အသစ်ခွေတွေထွက်မှာ ဖြစ်သလို အဲဒီလူငယ်တွေရဲ့သီချင်းအသစ်တွေကို နားထောင်ရမှာဖြစ်ပါတယ်။

နယ်ပွဲများ

စီစဉ်သူ ညီနန္ဒ

မေး – အခုပွင့်လင်းရာသီကို ဘယ်မြို့ကစဖွင့်ဖို့ ရည်ရွယ်ထားလဲ . . .

ဖြေ ကျွန်တော်လည်း အခုအဲဒီပွဲတွေအတွက် ခရီးသွားပြီးပြန်ရောက်တာ မကြာသေးပါဘူး။ ဒါပေမယ့် ပြောကြဆိုကြတုန်းပဲ ရှိတယ်။

မေး – နယ်ပွဲတွေ တော်တော်များများ သွားရတတ်တဲ့ အဆိုတော်တွေဆီက ကြားတာက ဒီနှစ် ပွဲသိပ်မရှိဘူးတဲ့။ အဲဒီအပေါ်ပြောပြပါဦး . . .
ဖြေ တချို့မြို့တွေမှာက လက်မှတ်နှုန်းထားကို ငါးထောင်လောက်ပဲ ရတယ်။ ဒါပေမယ့် နယ်ပွဲတစ်ပွဲ လုပ်တယ်ဆိုတာက သွားစရိတ်၊ လာ စရိတ်၊ တည်းခိုစရိတ်ကတွေလည်း ရှိတယ်။ နောက်တစ်ချက်က အဆိုတော်တွေ အနေနဲ့ကလည်း နယ်ပွဲဆိုရင် ပင်ပန်းမှုတို့၊တခြား အလုပ်အကိုင်ပျက်တာတို့ ဆိုတော့ ဈေးကရန်ကုန်ဈေးထက် နည်းနည်းများပါတယ်။ အဲဒီအခါ စပွန်ဆာလည်းမရဘူး ဆိုရင် ကုန်ကျစရိတ်နဲ့ ပြန်ရရှိဖို့ဆိုတာ က မလွယ်ပါဘူး။ ဒါကြောင့် ဒီနှစ်မှာ ဘယ်လိုနည်းတွေနဲ့လုပ်ရင် ကောင်းမလဲလို့ဆိုတာ စဉ်းစားနေပါတယ်။

EZYရှိုးပွဲများ

ဦးဝင်းမိုးကျော်

မေး – EZY က ပွင့်လင်းရာသီမှာမျှော်စင် ကျွန်းမှာ ပွဲတွေဆက်တိုက်လုပ်ဖို့ စီစဉ်နေတယ်လို့ ကြားရပါတယ်။ ဘယ်လိုစာချုပ်တွေနဲ့ လုပ်ကိုင်မှာလဲ . . .
ဖြေ အကြမ်းဖျင်းအနေနဲ့ မျှော်စင်ကျွန်းမှာ ပွဲသုံးပွဲစီစဉ်ထားပါတယ်။ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလတွေမှာပါ။ ၂၀၁၂ Plan အနေနဲ့ကတော့ မြို့တော်တော်များ များကို Tour အနေနဲ့ သွားဖြစ်ဖို့ရှိပါတယ်။

မေး-EZYက လုပ်ခဲ့တဲ့ ပွဲတော်တော်များများ က လူငယ်အသစ်တွေ ပါဝင်တာ များပါတယ်။ ဒီနှစ်မှာရော အပြောင်းအလဲ ရှိနိုင်လား . . .
ဖြေ ဟုတ်ပါတယ်။ EZYက လူသစ် တွေနဲ့လက်တွဲပြီးပွဲတွေစီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Current အဆိုတော်တွေကို သူ့ရာသီနဲ့သူ ထည့်သွင်းစေမှာ ဖြစ်ပါတယ်။ ဥပမာ သီတင်းကျွတ်မှာလုပ်မယ့်ပွဲဆို Rock နဲ့ ဟစ်ဟော့ပ်အရော၊ တန်ဆောင်တိုင်ဆို Myanmar Hip-Hop Associa tion သီးသန့်ပွဲ၊ ဒီဇင်ဘာလဆို ဟစ်ဟော့ပ်နဲ့ Punk တွဲတဲ့ ပွဲတွေလုပ်ဖို့ စဉ်းစားထားတယ်။ ပရိသတ်အရွယ်စုံ စိတ်ဝင်စားတဲ့ ပွဲမျိုးတွေကို စီစဉ်သွားမှာဖြစ်ပါတယ်။

မေး – Music Tour သွားတဲ့အခါ ဘယ်တီး ၀ိုင်း၊ ဘယ်အဆိုတော်တွေနဲ့ လက်တွဲလုပ်ကိုင်ဖို့ ရည်ရွယ်ထားပါသလဲ . . .
ဖြေ တီးဝိုင်းအနေနဲ့က Sound Square တီးဝိုင်းနဲ့တော့ ပုံမှန်ပွဲထွက်မှာပါ။ တခြားတီးဝိုင်းတွေလည်း ရံဖန်ရံခါ အတူတကွ ပါဝင်မှာဖြစ်ပါတယ်။ အဆိုတော်တွေကတော့ နေရာဒေသနဲ့စီစဉ်တဲ့ ပွဲပေါ်မူတည်ပြီး အပြောင်းအလဲ ရှိမှာပါ။ ဘာလို့လဲဆိုတော့ အခုက EZYအနေနဲ့တင် မဟုတ်ဘဲ ကိုကျော်ဇေယျတို့၊ ယုန်လေးတို့ စတဲ့ အနုပညာရှင်တွေနဲ့ တိုင်ပင်ပြီး တစ်ပွဲနဲ့ တစ်ပွဲမတူအောင် စီစဉ်တာပါ။

VIA:Weekly Elevn News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s