မြန်မာ Hiphop သတင်းစု (ဒီဇင်ဘာ-၁ )

Posted: December 7, 2011 in News
Tags:

ရန်ရန်ချန်း ပြောတဲ့ လူငယ်အကြောင်း

သူတို့တုန်းကနဲ့ ဒီဘက်ပိုင်း လူငယ်တွေမှာ ပြောင်းပြန် ဖြစ်သွားပြီ လို့ပြောတဲ့ ရန်ရန်ချန်းက   ”အရင်တုန်းက ဆို ဒီလောကထဲ ရောက်ပြီး ကြိုးစားရင်းနဲ့မှ အောင်မြင် လာတယ်။အခုကျတော့ ပြောင်းပြန် ဖြစ်သွားပြီ။ ဒီလောကထဲ ကိုတော့ မစိမ်းတော့ဘူး။ ခေတ်နဲ့ပဲ ဆိုင်ပါတယ်။ သူတို့ ကြိုးစားတဲ့ အားကြောင့် သူတို့ အောင်မြင်တယ်။ အဲဒါလေးကိုသူတို့ရတယ်လို့ပဲ မြင်တယ်။ ကျွန်တော်တို့ တုန်းကလည်း အဲဒီလိုပဲ။ ငါတို့ဘယ်လို အောင်မြင်ရမယ်။ ဘယ်လောက် လူကြိုက်ရမယ် ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ အဲဒါကြောင့်ခု အောင်မြင်နေတဲ့ လူငယ်တွေလည်း သူတို့ ရိုးသားစွာ လုပ်ခဲ့တဲ့ အသီးအပွင့်ကို ရတယ် ထင်တာပဲ”လို့  ပြောပါတယ်။
ဒီဘက်ခေတ်က လူငယ်တွေက အနုပညာလောကထဲ ကို ရဲရဲတင်းတင်း ဝင်လာရဲ ကြတယ်ဆိုတဲ့ ရန်ရန်ချန်းချန်း ကခေတ်ကိုတော့ အမြဲတမ်း လိုက်ပြီး နှိုင်းယှဉ်နေလို့ မရဘူးလို့ ပြောပါတယ်။ ရက်ပါလူငယ် တော်တော်များများရဲ့ လေးစားမှုကို ခံရတဲ့ ရန်ရန်ချန်းက လူလေးစားအောင် ဆိုပြီး တမင်တကာ လုပ်ယူ နေတာမျိုး မရှိဘူး လို့ ပြောပါတယ်။ ရန်ရန်ချန်းက လက်ရှိမှာတော့ သီးသန့် အနေနဲ့ သီချင်းတွေတော့ မလုပ်ဖြစ်ဘဲ သူနဲ့နီးစပ်တဲ့ လူငယ်တွေရဲ့ အခွေတွေမှာတော့ ပါဝင်သီဆို ဖြစ်နေပြီး လက်ရှိ ထွက်ထားတဲ့ ကိကိနဲ့ ဘန်နီဖြိုး တို့ရဲ့ အခွေမှာ တစ်ပုဒ်စီ ပါဝင်ကူညီ သီဆို ပေးထားပါတယ်။ သူ့အနေနဲ့ ကတော့ လက်ရှိမှာ တခြား စီးပွားရေးဘက်ကို နည်းနည်း လှည့်နေရပေမယ့် အနုပညာ လောကနဲ့ အဝေးကြီးမှာတော့  သူမနေတတ်ပါဘူးလို့ ပြောပြခဲ့ပါတယ်။

ရဲရဲ

ရှိုးမဆိုဖြစ်ခဲ့တာ ၂နှစ်နီးပါးရှိခဲ့ပြီဖြစ်တဲ့ကြက်ဖ

စင်ပေါ်မတက်ဖြစ်ခဲ့တာ ၂နှစ်နီးပါးရှိခဲ့ ပြီဖြစ်ပြီး၊ မီဒီယာတွေနဲ့လည်း ၆လနီးပါး လောက်အဆက်အသွယ်ပြတ်နေခဲ့တဲ့ကြက်ဖ  ကို ဟစ်ဟော့ပ်ဟတ်(ဒ်) ကိုးရှိုးမှာ တော့စင်ပေါ် မှာပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ ဒီနှစ်အတွင်း မှာ သူငယ်ချင်းတွေရဲ့ အခွေပရိုမိုရှင်းပွဲတွေ လောက်ပဲ ဆိုဖြစ်ခဲ့ပြီး၊ ရှိုးသီးသန့်အနေနဲ့ တော့ မဆိုဖြစ်ခဲ့ ပါဘူး။ ရှိုးမဆိုဖြစ်ပေမယ့် လည်းဟစ်ဟော့ပ်ရှိုးတွေကိုတော့သွားကြည့် ဖြစ်ခဲ့ပြီး ဆိုချင်စိတ်တွေလည်း မရိုးမရွဖြစ် ခဲ့ပါတယ်လို့ ကြက်ဖကပြောပါတယ်။ သူ ဘာကြောင့် ရှိုးတွေမဆိုဖြစ်ခဲ့တာလဲဆိုတာ ကို တော့….”ကျွန်တော်အနားယူနေသလိုမျိုး လည်း ပါသလို၊ မျောနေတာလည်းပါတယ်။ ပျင်းနေ တာလည်းပါပါတယ်။ ဒီထက်ဆက် နားမယ်ဆို ရင်တော့ သေဖို့ပဲရှိပါတော့တယ်။ ကိုယ့်ဘာ သာကိုယ်ဇွဲမရှိသလို၊ လုံ့လမရှိသလို ဖြစ်နေခဲ့ တယ်။ တကယ်တော့ မလုပ်ဖြစ် သေးတာပါ။ လုပ်ဖြစ်ရင်တော့ သူ့ဘာသာသူဆက်ပြီး အရှိန်ရသွားမှာပါ”လို့ ပွင့်လင်းစွာပြောပြခဲ့ပါ တယ်။ ကြက်ဖက ဟစ်ဟော့ပ် ၁ဝနှစ်ပြည့် ရှိုးမှာလည်း မဆိုဖြစ်ခဲ့ပါဘူး။ ၂နှစ်အတွင်းမှာ ရှိုးတွေမဆိုဖြစ်ခဲ့ပေမယ့် မြူးဇစ်နဲ့တော့ အဆက်အသွယ်မပြတ်ခဲ့ဘဲ၊ သီချင်းတွေလုပ်ဖြစ်နေခဲ့ ပါတယ်။ ပရသတ်တွေအနေ နဲ့ ကြက်ဖတို့ရဲ့ ၉မီလီမီတာ အဖွဲ့အခွေထွက်ပြီး ရင် ကြက်ဖရဲ့ တစ်ကိုယ်တော် အခွေကို နား ထောင်ရတော့မှာဖြစ်ပါတယ်။ ဒီလိုဆက် တိုက် အခွေထွက်လာနိုင်အောင်လည်း ကြက်ဖက၂နှစ် အတွင်းမှာ ကြိုးစား နေခဲ့တာလို့ပြောရင် ရနိုင်ပါ တယ်။ ”ကျွန်တော်တို့ရဲ့ အဖွဲ့ခွေရော၊ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အခွေရော ပရိုဂျူဆာရှိနေပြီးသား ပါ။ သူတို့က ထုတ်ပေး ဖို့အဆင့်သင့်ပါပဲ။ ကျွန်တော်တို့ဘက်က မပြီး သေးတာပါ။ ကျွန်တော်တို့ရဲ့ ပျက်ကွက်မှုပေါ့။ ဒါကြောင့်အခွေတွေက မကြာတော့ပါဘူး။ ကျွန်တော့်အနေနဲ့ ပရိသတ်ကို အရင်ထက်ပိုပြီး ၂ဆ တောင်း ပန်ပါတယ်။ ကျွန်တော်ငြိမ်နေတာ တော်တော်ကြာ ခဲ့ပါပြီ။ အားလုံးကိုလည်းကျွန်တော်ထပ်ပြီးကြိုးစားပါမယ်လို့ ပြောချင် ပါတယ်”လို့ပြောပါတယ်။

လင်းအက္ခရာ

နိုဝင်ဘာလထဲမှာ အခွေမထွက်နိုင်ရင် နောက်တစ်ခွေထပ်လုပ်မယ့် ကျော်ထွဋ်ဆွေ

ကျော်ထွဋ်ဆွေရဲ့ တစ်ကိုယ်တော်အခွေ ကထွက်မယ်ထွက်မယ်ဆိုပြီး ကြာနေပါတယ်။ ဘာကြောင့်လဲဆိုတော့သူ့ရဲ့အပိုင်းကပြီးနေပေမယ့် ပရိုဂျူဆာ အပိုင်းမှာအခက် အခဲရှိလို့နည်းနည်းကြာနေတာဖြစ်ပါတယ်။ အခွေလုပ်တာ ကြာနေပြီဖြစ်ပေမယ့်အထဲက သီချင်းတွေကတော့သူ့ပုံစံတွေပဲဖြစ်တဲ့အတွက် ရိုးမှာတော့ မစိုးရိမ်ပါ ဘူးလို့ပြောတဲ့ ကျော်ထွဋ်ဆွေက… ”ကျွန်တော့်ခေါင်းစဉ်အောက်ကပဲတစ်ပုဒ်နဲ့ တစ်ပုဒ်မတူအောင်ကြိုး စားဖန်တီးထားတဲ့အတွက် အသစ်တစ်ခုတော့ဖြစ်မှာပါ။  တခြားဖီးချားရင်းအနေနဲ့ကတော့ကျွန်တော့်သူငယ်ချင်းတွေပဲ အများဆုံးပါမှာပါ”လို့ ပြောပါတယ်။စတူဒီယိုဖွင့်ဖို့လည်းလုပ်နေတဲ့ အတွက်ကျော်ထွဋ်ဆွေက အခုပစ္စည်းစုနေပြီလို့ သိရပါတယ်။  သီချင်းသွင်းရင်လည်း ကိုယ်တိုင် အသံဝင်ဖမ်းပြီး လေ့လာဖြစ်တာကြောင့် တော်တော်တော့ နားလည်နေပါပြီ လို့ပြောတဲ့ ကျော်ထွဋ်ဆွေက ”ကျွန်တော့်ကိုယ်ကျွန်တော်တော့ယုံပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေလည်း ယုံမယ်ထင်တယ်။ ဂျောက်ဂျက်အရင်အခွေထဲက သီချင်းဆို ကျွန်တော့်အိမ်မှာ အသံဖမ်းထားတာ ၄ပုဒ် လောက်ပါတယ်။ နောက် အခွေအတွက်လည်း ကျွန်တော့်ဆီမှာသွင်းတာများတယ်။ ငြထငညါ ပိုင်းတော့ ထိန်ဝင်းဆီမှာပဲသွားလုပ်တယ်။ လတ်တလောတော့ ကျွန်တော့်ဘာသာသွင်းလိုက်တီးလိုက်ပဲ အလုပ်ရှုပ်နေတယ်” လို့ပြောပါတယ်။ ကျော်ထွဋ်ဆွေက ခုလောလောဆယ်တော့အပျော်တမ်းအဆင့်ပဲလုပ်နေပြီး တကယ်လုပ်ဖြစ်ရင် တော့ပရော်ဖက်ရှင်နယ်ဆန်ဆန်လုပ်ဖြစ်မယ်လို့ပြောပါတယ်။’မင်းအတွက်-၃’ အခွေထဲမှာ လည်းကျော်ထွဋ်ဆွေက တရုတ်မင်းသားတစ်ယောက်လို သရုပ် ဆောင်ထားတာကြောင့် ဘယ်လိုအခက်အခဲတွေရှိလဲဆို တော့”အဲဒီမှာသိုင်းချ တာလည်းပါတော့ နည်းနည်းတော့ခက်တယ်။ ပြီးတော့ကျွန်တော်တို့ရုပ်တွေက လည်း မည်းမည်းတူးတူးနဲ့ဆိုတော့ ဘယ်လိုမှအဆင်မပြေဘူး။ကျွန်တော်က ဇာတ်လမ်း ဆန်ဆန်လေးတွေထူးထူး ခြားခြားရိုက်ရတာတော့ဝါသနာပါတယ်။ ကျွန်တော် နဲ့နီးစပ်တဲ့လူတွေရဲ့ အခွေတွေမှာတော့သရုပ်ဆောင်ဖြစ်မှာပါ” လို့ပြောပါတယ်။ကျော်ထွဋ်ဆွေက’ရပ်ကွက်ထဲကအရူး’အခွေကို နိုဝင်ဘာလထဲ မှာမှန်းထားပြီး အဲဒီမှာမှမ ထွက်နိုင်ရင်တော့ နောက်အခွေတစ်ခွေထပ်လုပ်ဖြစ် တော့မယ် လို့ပြောပါတယ်။

ရဲရဲ

Leave a comment