တေးရေး “ကမ္ဘာ” (VIA:Shwelone.com)

Posted: December 26, 2011 in Interview
Tags: , ,

ယခုတစ်ပတ်တွင်တော့ ရွှေလုံးပရိသတ်ကြီးအတွက် ယနေ့ မြန်မာ့ဂီတလောကတွင် အောင်မြင်နေသည့် တေးသီချင်းများအား ဖန် တီးပေးခဲ့သူ၊ မာနမကြီးဘဲ အေးအေးဆေးဆေး နေတတ်သည့် လူငယ်တေးရေးဆရာ တစ်ဦးဖြစ်သည့် ကိုကမ္ဘာအား သွား​ရောက် မးမြန်းခဲ့ပါသည်။ ကိုကမ္ဘာသည် တေးဆို G-လတ်၏ အောင်မြင်နေသည့် တေးသီချင်းများကို ရေးပေးနေသူဖြစ်သလို၊ G-လတ်၏ ညီ အရင်းတစ်ယောက်လည်းဖြစ်ပြီး NC-13 တီးဝိုင်း၏ လိဒ်ဂစ်တာသမားလည်းဖြစ်ပါသည်။ ကိုကမ္ဘာ၏ ရင်တွင်းစကားများကို မျှဝေ တင်ဆက် လိုက်ရပါသည်။

မေး – ကိုကမ္ဘာ မင်္ဂလာပါ။ ကိုကမ္ဘာ့ကို ကျွန်တော်တို့ ရွှေလုံးမီဒီယာကနေ ပရိသတ်တွေအတွက် မေးခွန်းလေးတွေ မေးချင် ပါတယ်။

ဖြေ – ဟုတ်ကဲ့ပါ။

မေး – ကိုကမ္ဘာ့အနေနဲ့ ဘယ်အရွယ်မှာ စပြီးတော့ သီချင်းတွေရေးဖို့ ဆုံးဖြတ်ခဲ့တာလဲ။

ဖြေ – အင်း။ သီချင်းစရေးတယ် ဆိုတာက၊ ဆုံးဖြတ်တာရယ်တော့ မဟုတ်ပါဘူး။ စပြီးရေးတာကတော့ ၇တန်း၊ ၈တန်း လောက်မှာ​ရေးတာပါ။ ဂစ်တာစတီးတတ်တဲ့အရွယ် ၄တန်း ကျောင်းသား ဘ၀လောက်မှာတော့ သီချင်းတစ်ပိုဒ်လောက် ရေးဖူးတယ်။ ဒါပေမဲ့ အဲဒါက ဟိုဟာနဲ့တူသလို၊ ဒီဟာနဲ့တူသလို ဖြစ်နေတာနဲ့ ဆက်ပြီးတော့ မရေးတော့ဘဲ ထားလိုက်တယ်။ သီချင်းတစ်ပုဒ်လုံးကိုတော့ ၇ တန်း၊ ၈ တန်းလောက်မှ စပြီးတော့ ရေးတာပါ။

မေး – NC-13 ဆိုတဲ့ တီးဝိုင်းလေးကို ညီအစ်ကိုနှစ်ယောက် စပြီးတော့ ဖွဲ့ဖြစ်သွားပုံလေးကို ပြောပြပေးပါလား။

ဖြေ – NC-13 Band ကိုစပြီးတော့ဖွဲ့ဖြစ်တာက အဓိကကတော့ ကိုဂျီလတ်ပါ။ ကိုဂျီလတ်ကနေပြီးတော့ အဲဒီနာမည်ကို စပြီးပေးတာ​ပေါ့။ ကျွန်တော်က ပထမပိုင်းမှာက တခြားဝိုင်းတစ်ဝိုင်းမှာ ဂစ်တာသမားအနေနဲ့ စပြီးတော့တီးတယ်။ တီးနေရင်းနဲ့မှ အခု အဆို​တော် အောင်လနဲ့ လမ်းထဲမှာ စပြီးတော့ခင်တယ်။ သူကကျွန်တော်တို့ နောက်လမ်းမှာနေတယ်။ လမ်းထဲမှာ သူသီချင်းလာဆိုတယ်။ ကားပေါ်မှာ ဂစ်တာလာတီးတာကိုတွေ့ပြီး ကျွန်တော် သူ့အသံလေး သဘောကျတာနဲ့ သွားပြီးမိတ်ဆက်တယ်။ နောက်ပိုင်းတော့ ခင်မင်သွားပြီး စကားပြောဖြစ်ကြရင်းနဲ့ တီးဝိုင်းတစ်ခု လုပ်ကြရင်ကောင်းမယ်ပေါ့နော်။ အဲဒီအချိန်မှာ ကိုဂျီလတ်ကလည်း အကြံပေး တယ်လေ။ NC-13 ဆိုပြီး လုပ်ရင်ကောင်းမယ် ဆိုပြီးတော့ အကြံပေးတာနဲ့ လုပ်ဖြစ်သွားတာပါ။

မေး – NC-13 ဆို့တဲ့ အဓိပ္ပါယ်လေးကိုရော ပြောပြပေးပါဦး။

ဖြေ – Not For Children Under 13 ပါ။ ၁၃ နှစ်အောက် ကလေးများအတွက် မဟုတ်ဘူးပေါ့ဗျာ။

မေး – သီချင်းတွေကို ဆက်ပြီးတော့ ကိုဂျီလတ် တစ်ယောက်အတွက်ပဲ ရေးမလား။ တခြားလူတွေ အတွက်ရော ရေးသွားမလား မသိဘူး။

ဖြေ – ကျွန်တော် အများအတွက် ရေးဖို့တော့ ရည်ရွယ်ထားပါတယ်။ ခုလောလောဆယ် များသောအားဖြင့်ကတော့ ကျွန်တော့်အစ် ကို ကိုဂျီလတ်အတွက် ရေးဖြစ်တာ များတာပေါ့နော်။

မေး – ကိုဂျီလတ်ရဲ့ ပင်တိုင်တေးရေး တစ်ယောက်အနေနဲ့ ကိုဂျီလတ် နောက်ထွက်မယ့် အခွေမှာရော ဘယ်နှစ်ပုဒ်လောက် ပါမလဲ။

ဖြေ – ကိုဂျီလတ်အတွက် ရေးပေးထားတာ အနည်းဆုံး အဲဒီအခွေထဲမှာ ၃-၄ ပုဒ်လောက်တော့ ရှိမယ်ထင်တယ်။

မေး – ဘယ်သီချင်းကိုရော အားရလဲ။ အဲသည်အခွေမှာပေါ့။

ဖြေ – “စံပယ်ဖြူများနှင့်အတူ” ဆိုတဲ့ သီချင်းကို အားရပါတယ်။ Own Tune ပါ။

မေး – အစ်ကိုနဲ့တွဲပြီး အလုပ်လုပ်ရတယ်ဆိုတော့ အဆင်ပြေတာလေးတွေ များမှာပေါ့နော်။

ဖြေ – အဆင်ပြေတယ်။ အဆင်ပြေတာတွေ များတာမဟုတ်ဘူး။ အကုန်လုံးကို အဆင်ပြေတာ။ ညီအစ်ကိုအရင်းနဲ့ လုပ်ရတာကိုး။ သူစိမ်းနဲ့ကျတော့ ညှိရနှိုင်းရတာလေးတွေ ရှိနေသေးတယ်။ ညီအစ်ကိုအရင်းနဲ့ကျတော့ ဘာမှ ညှိရနှိုင်းရတာလဲ မရှိဘူး။ Respect လည်း ရှိပြီးသားဆိုတော့ အဆင်ပြေပါတယ်။

မေး – X’mas လည်း နီးလာပြီနော်။ အရင် x’mas တွေတုန်းကရော ဘယ်လိုဖြတ်သန်းလဲ။  အခု x’mas မှာရော ဘယ်သူတွေကို အတူရှိစေချင်လဲ။

ဖြေ – X’mas ကိုတော့ ကျွန်တော်ကတော့ များသောအားဖြင့် တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြတ်သန်းတာများပါတယ်။ သူများဆီက လည်း ဘာလက်ဆောင်မှ မလိုချင်သလို၊ ကိုယ်လည်းသူများကို ဘာလက်ဆောင်မှ မပေးတဲ့အတွက် x’mas ကို တိတ်တိတ် ဆိတ် ဆိတ်ပဲ ဖြတ်သန်းတယ်။ အခု x’mas မှာ ဘယ်သူတွေနဲ့ ရှိချင်လဲဆိုတော့ မိသားစုနဲ့ပဲ ရှိနေချင်ပါတယ်။

မေး – ကိုဂျီလတ်မဟုတ်ဘဲနဲ့ တခြားအဆိုတော်တွေကို သီချင်းရေးပေးထားတာရှိရင် ပြောပြပေးပါအုံး။

ဖြေ – အခုလောလောဆယ် သူများအတွက် ရေးပေးထားတာတွေ ရှိပါတယ်။  မနေ့ကဆိုရင် ကျော်ထွဋ်ဆွေရဲ့ အစ်မ နှင်းထွဋ်ဆွေ အတွက် ကျွန်တော်သွားပေးရတယ်။ သွားတီးပေးရတယ်။ အဲလိုပဲဒီရက်ပိုင်းမှာ ရေးပေးဖြစ်တာက အာဇာနည်ရဲ့ညီ M-သီဟအတွက် သီချင်းပေးဖြစ်တယ်။ တခြားမိန်းကလေး အဆိုတော်တွေအနေနဲ့ အိမ့်ချစ်၊ ဂျင်းနီ၊ ပြီးတော့ ယောက်ျားလေးတွေ ထဲက တောင်းထား တာတွေရှိသလို မပေးနိုင်တာလေးတွေလည်း ရှိပါသေးတယ်။ ကိုဟန်ထွန်းတို့ ကိုသအိုတို့ကလည်း တောင်းထားတယ်။ သူတို့ ကို ပေးဖို့ကျတော့ ကျွန်တော်ရေးထားတာတွေနဲ့ သူတို့နဲ့ မကိုက်တာလေးတွေ ရှိနေသေးတဲ့အတွက် ထပ်ပြီးတော့ ရေးနေပါတယ်။ သူတို့အတွက် လုပ်နေပါတယ်။

မေး – တေးရေးတစ်ယောက်အနေနဲ့ တင်မဟုတ်ဘဲ တေးဆိုတစ်ယောက်အနေနဲ့ကော ရပ်တည်သွားဖို့ ရှိပါသလား။

ဖြေ – ဖြစ်နိုင်ရင် ဆိုတော့ဆိုချင်တာပေါ့။ ဒါပေမယ့် ဒါကလည်း ဘုရားလက်ထဲမှာပဲ ရှိပါတယ်။ ဘုရားက ဘယ်လောက်ပေးမလဲဆို တာအပေါ်မှာ မူတည်ပါတယ်။ လူတစ်ယောက်ကတော့ အမြဲတမ်းနေရာတိုင်း Perfect ဖြစ်နေတယ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆို​တော့ ကျွန်တော့်ကို ဘုရားကပေးထားတဲ့ လက်ဆောင်က ပါရမီပေါ့နော်။ အဲဒါက ကျွန်တော့်ကို တူရိယာ အတော်များများ တီး တတ်အောင် ဦးနှောက်နဲ့ဉာဏ်ကို ပေးထားတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အဆိုတော်တစ်ယောက် ဖြစ်လာဖို့ ကျွန်တော့်ကို အလိုတော် ရှိလား မရှိလားဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ အလိုတော်ရှိလာတဲ့ တစ်နေ့ကျရင်လည်း ကျွန်တော်အဆိုတော် ဖြစ်ချင် လည်း ဖြစ်လာမှာပေါ့။ သီချင်းဆိုတဲ့ လူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်လာမှာပေါ့ဗျာ။

မေး – ဟုတ်ကဲ့ပါ ကိုကမ္ဘာ။ ခုလိုဖြေကြားပေးတဲ့အတွက် ကိုကမ္ဘာ့ကို ကျွန်တော်တို့ရဲ့ ရွှေလုံးမီဒီယာကိုယ်စား ကျေးဇူးတင်ပါတယ်။

ဖြေ – ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း ကျေးဇူးတင်တယ်။ ခုလိုမျိုး လာရောက်ဆက်သွယ် မေးမြန်းတော့ ကျွန်တော့်အကြောင်းကို လည်း ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ၊ ပရိတ်သတ်တွေ သိသွားနိုင်တာပေါ့နော်။ ကျွန်တော့်ကို တေးရေးတစ်ယောက်အနေနဲ့ လက်ခံ ​ပေးတဲ့ ပရိသတ်ကြီးကိုလည်း အများကြီးကျေးဇူးတင်တယ်။ ကျွန်တော်က ကိုဂျီလတ်ရဲ့ ညီတစ်ယောက်ဖြစ်တယ်။ တေးရေး တစ်​ယောက် ဖြစ်တယ်ဆိုပေမယ့် ကျွန်တော့်ကို မတွေ့ဘူးတဲ့သူတွေ အများကြီးရှိသလိုမျိုး၊ ကျွန်တော့်ကို ဘယ်သူမှန်း မသိတဲ့ သူတွေ လည်း အများကြီးရှိတယ်။ ဒါကတော့ ကျွန်တော်တို့ တေးရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ရတဲ့ဘ၀ကိုး။ ဂစ်တာသမား တစ်​ယောက် အတီးသမားတစ်ယောက်အဖြစ် ရပ်တည်ရတဲ့ဘ၀မှာလည်း ကျွန်တော့်ကို သိပ်မသိတာတွေရှိတယ်။ ခုလိုမျိုး မီဒီယာ အနေ နဲ့ လာဆက်သွယ်ပြီးတော့မှ ကျွန်တော့်ကို ဘယ်သူဆိုတာ သိရတဲ့အတွက် ကျွန်တော့်ကို ပေါင်းကူးပေးတယ်လို့ ခံယူတယ်။ အဲသည် အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်။

Organized by ရွှေလုံး (ရန်ကုန်) အဖွဲ့သားများ။

VIA: ShweLone.Com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s